စလင်း ဇူလိုင် ၁၈
မကွေးတိုင်းဒေသကြီး မင်ဘူးခရိုင် စလင်းမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ စလင်းမြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် သစ်တောပြုန်းတီးမှုများ လျော့နည်းကျဆင်းစေရန် အပူဒဏ်ကာကွယ်ရေး သစ်တော သစ်ပင်များ ပြုစုထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်လာကြစေရန်အတွက် ထင်းအစားအခြားလောင်စာများကို တိုးမြှင့်သုံးစွဲရေး လူထုအသိ ပညာပေးဆွေးနွေးဟောပြောခြင်းနှင့် သံပုံးစွပ်မီးဖို(၁၂၃)လုံးကို မကျီးထူးကျေးရွာအား သတ်မှတ်၍ အိမ်ထောင်စု ၁၂၃ စုတို့ကို ယမန်နေ့ မွန်းလွဲပိုင်းက စလင်းမြို့ ညောင်ပင်လယ်ကျင်းကျေးရွာအုပ်စု မကျီးထူးကျေးရွာတွင် ပြုလုပ်ခဲ့သည်။
ထိုသို့အသိပညာပေးဟောပြောပွဲတွင် စလင်းမြို့နယ် အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညွှန့်ရွှေက သံယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ သစ်တောမူဝါဒ (၆)ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မင်းဘူးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးလွင်ထွန်းက ကျေးရွာ ပြည်သူများအနေဖြင့် မြို့နယ်အတွင်း အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးအတွက် သဘာဝတောများပြုန်းတီးမှုမရှိအောင် ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် သစ်တော စိုက်ခင်းများ စိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက်များနှင့် အပူဒဏ်ကာကွယ်ရေးအတွက် သစ်တောသစ်ပင်များအား စည်းကမ်းမဲ့ခုတ်လှဲခြင်းများ ရှောင်ကြဉ်ကြရန်နှင့် ထင်းအစား အခြားလောင်စာ သုံးစွဲပုံနည်းစနစ်များကို ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် စလင်းမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညွှန့်ရွှေနှင့်ဝန်ထမ်းများက ထင်းအစားအခြားလောင်စာသုံး စံပြ ကျေးရွာအဖြစ် ညောင်ပင်လယ်ကျင်းကျေးရွာအုပ်စု မကျီးထူးကျေးရွာအား အိမ်ထောင်စု (၁၂၃)စုတို့အတွက် စွမ်းအားမြှင့်သံပုံးစွပ်မီးဖို (၆၂) လုံးအား ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၁ ရက်တွင် တစ်ကြိမ်၊ ဇူလိုင်လ ၁၃ ရက်တွင် ထပ်မံပေးခဲ့ပြီး မင်းဘူးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးလွင်ထွန်း မှသံပုံးစွပ်မီးဖို (၆၁)လုံးအား ဇူလို ရက်နေ့က ထပ်မံပေးအပ်ခဲ့ရာ စုစုပေါင်း (၁၂၃)လုံးကို ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မောင်လွင်(စလင်း)