စလင်း ၈ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် မြို့နယ်အတွင်း ပြေးဆွဲနေသော ခရီးသည်တင် မော်တော်ယာဉ်များအား သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ထားခြင်းကို ရှိ/မရှိစစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီက စလင်းမြို့အဝင်အထွက် စစ်ဆေး ရေးဂိတ်နေရာများတွင် ကြပ်မတ်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။
ထိုသို့စစ်ဆေးခြင်းကို မြို့နယ်ပုဂ္ဂလိကပိုင် လုပ်ငန်းသုံး မော်တော်ယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မ တီအဖွဲ့ဝင်များနှင့် မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ တပ်ဖွဲ့ဝင်များပူးပေါင်း၍ မြို့နယ်အတွင်းသို့ ပြေးဆွဲလျှက် ရှိသောခရီးသည်တင် မော်တော်ယာဉ်များတွင် သတ်မှတ်ခရီးသည်၏ ထက်ဝက်ဉီးရေ ကိုသာ တင်ဆောင်ထား ခြင်းရှိ/မရှိ၊ ခရီးသည်များအတွက် ပါးစပ်နှာခေါင်းစည်း၊ လက်သန့်ဆေးရည်၊ အမှိုက်ပုံး၊ တစ်ခါသုံးတစ်ရှူးများ အသင့်ထားရှိခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပြီး ယာဉ်ပေါ်တွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ထူးခြားမှု ရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများနှင့် အုပ်ချုပ်ရေး အဖွဲ့များထံ ချက်ချင်းသတင်းပို့ အကြောင်းကြားရန် ယာဉ်တာဝန်ခံများအား အသိပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်းတွင် မြို့နယ်အခြေပြု ပြေးဆွဲလျှက်ရှိသော ခရီးသည်တင် မော်တော်ယာဉ်လိုင်း များနှင့် အခြားဒေသများမှ ခရီးသည်တင် မော်တော်ယာဉ်လိုင်းများ နေ့စဉ်အစီးရေ ၃၅ စီး ဝင်ထွက်ပြေးဆွဲလျှက်ရှိပြီး ကိုဗစ်-၁၉ ကာလအတွင်း ခရီးသည်တင် မော်တော်ယာဉ်လိုင်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးညွှန်ကြားချက်များနှင့်အညီ ပြေးဆွဲရေး ကြပ်မတ် စစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပုဂ္ဂလိကပိုင် လုပ်ငန်းသုံး မော်တော်ယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဉီးသူ့ထက်အောင်၏ ပြောကြားချက်အရ သိရသည်။
စိုးမိုးသူ(ပြန်/ဆက်)


