စလင်း ၂၇ ဩဂုတ်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနမှ ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ ၂၀၂၀ ပြည့်နှစ်မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းဆောင်ရွက်မည့် တောင်သူများအား ပထမအကြိမ် မျိုးစေ့ဘိုးနှင့် စိုက်ပျိုးစရိတ် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါထောက်ပံ့ပေးအပ်ပွဲတွင် မင်းဘူးခရိုင်စိုက်ပျိုးရေးဉီးစီးဌာန ဉီးစီးမှူး ဒေါ်နီလာမော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာန မြို့နယ်ဉီးစီးမှူး ဉီးမြင့်လင်းက သွင်းအားစုများကို တောင်သူများလိုအပ်သည့် အချိန်တွင် အလွယ်တကူအသုံးပြုနိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါကြောင့် တောင်သူ များအပေါ် စီးပွားရေးထိခိုက်မှုမရှိအောင် ကူညီပံ့ပိုးရခြင်းဖြစ်ကြောင်း၊ မိုးစပါးမျိုးစေ့ စိုက်ပျိုးထုတ်လုပ်ရာတွင် လိုက်နာရမည့်အချက်များနှင့် ဈေးကွက်ဝင်အရည်အသွေး ကောင်း စပါးမျိုးများကိုသာ အသုံးပြုခြင်းဖြင့် တစ်ဧကအထွက်နှုန်း တိုးတက်လာစေရန်ရည်ရွယ်၍ ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်ဉီးစီးမှူးနှင့်တာဝန်ရှိသူများက စလင်းမြို့နယ် စလောင်းကုန်းကျေးရွာအုပ်စုအတွင်းရှိ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ဆောင်ရွက်မည့်တောင်သူ ၅၆ ဉီး၏ လယ်မြေ ၁၈၅ ဧကအတွက် ပထမအကြိမ် မျိုးစေ့ဖိုးနှင့် စိုက်ပျိုးစရိတ်စုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၅၇၉၉၅၀၀ ကို တောင်သူ များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် မိုးစပါးမျိုးစေ့ထုတ်ခြင်းလုပ်ငန်းကို ကျေးရွာအုပ်စု ၃၁ အုပ်စု အတွင်းရှိ တောင်သူ ၃၅၁ ဉီး၏ လယ်မြေ ဧက ၁၀၄၀ တွင် အကောင်အထည်ဖော်ဆောင်ရွက် မည်ဖြစ်ပြီး စုစုပေါင်းထောက်ပံ့ငွေ ကျပ် ၁၅၆၄၉၅၀၀၀ ကို တောင်သူများထံ ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ဉီးစီးမှူး ဉီးမြင့်လင်းထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)


