စလင်း  ၄  ဩဂုတ်

 

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူများ ရာသီအလိုက်သီးနှံများကို အချိန်မီထွန်ယက် စိုက်ပျိုးရိတ်သိမ်းခြွေလှေ့ခြင်း လုပ်ငန်း များကို ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်စက်မှုလယ်ယာဉီးစီးဌာန၊ အမှတ်(၆၉) စက်မှု လက်ယာစခန်း(ဆင်ဖြူကျွန်း)မှ ဒေသခံတောင်သူများထံ လယ်ယာသုံးဒေါင်ဖန်းလက်တွန်း ထွန်စက် များကို အရစ်ကျစနစ်ဖြင့် ဖြန့်ဖြူးရောင်းချခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

စလင်းမြို့နယ် စက်မှုလယ်ယာဉီးစီးဌာနအနေဖြင့် ဒေသခံတောင်သူများ လယ်ယာလုပ်ငန်း လုပ်ကိုင်ရာတွင် လယ်ယာလုပ်သား ရှားပါးမှုပြဿနာများ ဖြေလျှော့သက်သာစေရန်နှင့် လယ်ယာ ကုန်ထုတ်လုပ်မှု နှောင့်နှေးကြန့်ကြာမှုမဖြစ်ပေါ်စေရန်အတွက် တရုတ်နိုင်ငံထုတ် ဒေါင်ဖန်း လက်တွန်း ထွန်စက်(၁၆)စီးအား (၂)နှစ် (၃)ရစ်ကျဆပ်စနစ်ဖြင့် တောင်သူများထံ ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။

 

“ကျွန်တော်တို့ အမှတ်(၆၉)စက်မှုလက်ယာစခန်း(ဆင်ဖြူကျွန်း)အနေနဲ့ ရေရှည်ရည်မှန်းချက် ဖြစ်တဲ့ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေးအတွက် လူအင်အား အနည်းဆုံးဖြင့် စက်ကိရိယာအသုံးပြု၍ ထွန်ယက်ရေး၊ စိုက်ပျိုးရေးနှင့် ရိတ်သိမ်းခြွေလှေ့ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် လယ်ယာသုံးစက်ကိရိယာများကို ဖြန့်ဖြူးရောင်းချခြင်းအပြင် စက်ကိရိယာ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ အခြားလယ်ယာမြေ အဆင့်မြှင့်တင်ထွန်ယက် ပြုပြင်ခြင်းလုပ်ငန်းများ၊ စက်မှုလယ်ယာစနစ် ကျင့်သုံးနိုင်သော လယ်ယာမြေများ ဖော်ထုတ်ခြင်းနှင့် လယ်ယာဝန်ဆောင်မှု ပေးသည့်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု မြို့နယ်စက်မှု လယ်ယာဉီးစီးဌာနမှူး ဉီးစိုးမင်းထွေးက ပြောကြားသည်။

 

အဆိုပါအခန်းအနားတွွင် ဆင်ဖြူကျွန်းမြို့အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးအောင်နှင့် စက်မှုလယ်ယာ ဦးစီးဌာနမှူး ဦးစိုးမင်းထွေးတို့က ဒေါင်ဖန်း လက်တွန်းထွန်စက်နှင့် ပတ်သက်သည့် စာရွက်စာတမ်း များကို ဒေါင်ဖန်းလက်တွန်းထွန်စက် ဝယ်ယူသူတောင်သူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

(မြို့နယ် ပြန်/ဆက်)