ရန်ကုန်  ဇူလိုင်  ၉

 

အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့ နံနက်ပိုင်းတွင် လှိုင်သာယာ စက်မှုဇုန်ရှိ CMP  အထည်ချုပ်စက်ရုံများဖြစ်သည့် Nadal Pacific Apparel Co.,Ltd ၊ Sioen Myanmar Limited၊ Thong Thai Textile-2 (Myanmar) Co.,Ltd စက်ရုံများသို့ သွားရောက်ပြီး လုပ်ငန်းခွင်အတွင်း ကိုဗစ်-၁၉ ‌ရောဂါ ကာကွယ်တားဆီးမှုများ၊ စက်ရုံ၊ အလုပ်ရုံများဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ အကောင် အထည်ဖော်ဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံတာဝန်ခံများက လုပ်ငန်းကိစ္စများ ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေးအတွက် အလုပ်ရှင်၊ အလုပ်သမား လုပ်ငန်းခွင် ဆက်ဆံရေး ‌ကောင်းမွန်ရန်လိုအပ်ကြောင်း၊ ကုန်ထုတ်စွမ်းအား မြင့်မားစေရေးအတွက် ကျွမ်းကျင် လုပ်သားများ ပြုစုပျိုးထောင်နိုင်သည်နှင့်အမျှ ထုတ်ကုန်များကို အရည်အသွေးမီ၊ အချိန်မီထုတ်လုပ် နိုင်မည်ဖြစ်ကြောင်း၊ စက်ရုံအတွင်းရှိ သတ်မှတ်အဆင့်မီသူများကို  ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ ရယူနိုင်ရေး ဦးစီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်း ရေးအဖွဲ့အနေဖြင့်  စစ်ဆေးအကဲဖြတ်ရေးဌာနများနှင့် စစ်ဆေးအကဲဖြတ်သူများ၊ စစ်ဆေးရေးမှူးများ မွေးထုတ်ပေးလျက်ရှိရာ အလုပ်အကိုင်အမျိုးအစားအလိုက် ပူးပေါင်းဆောင်ရွက်ရန်ရမည် ဖြစ်ကြောင်း။

 

လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါ ရရှိခံစားမှု လျော့နည်းကျဆင်းစေရေးဦးစီးဌာန၏ အမိန့်နှင့်ညွှန်ကြားချက်များ၊ စစ်ဆေးရေးအရာရှိများ၏ အကြံပြုချက် များကို ကောင်းစွာသိရှိလိုက်နာ ဆောင်ရွက်ရန်လိုကြောင်း ရှင်းလင်းပြောကြားသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစနစ်အား အလေးထားအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ၂၀၂၂ ခုနှစ်‌၊ ဇွန်လထိ ဖွဲ့စည်းထားသည့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကော်မတီ ၁၂၅၂ ခုရှိပြီး လုပ်ငန်းခွင်ပတ်ဝန်းကျင် အခြေအနေ တိုးတက်ကောင်းမွန်စေရေးအတွက် ဦးစီးဌာနမှ လုပ်ငန်းခွင်ပတ်ဝန်းကျင် အခြေအနေ တိုင်းတာ အကဲဖြတ်ခြင်းကို ၈၉၇ ကြိမ်ထိ တိုင်းတာပေးနိုင်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)