မတူပီ ၇ ဇွန် 


မတူပီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများမှ ယနေ့မွန်းလွဲ ၁ နာရီက အ.လ.က(အရှေ့ခိုဘွေ)ကျောင်းသို့ သွားရောက်ပြီး စနစ်တကျ အမှိုက်စွန့်ပစ်တတ်ရေး အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြသည်။ 


ပလတ်စတစ်အိတ်များ စည်းကမ်းမဲ့စွန့်ပစ်ခြင်းကြောင့် ရရှိလာမည့် ဆိုးကျိုးများအကြောင်းကို စာထောက်-၃ ဒေါ်ခင်နီလာထွန်းက "ပလတ်စတစ်အိတ်လေး၏ ခရီးစဉ်" ရုပ်ပြစာအုပ် ဖတ်ပြခြင်းဖြင့် အသိပညာများဖြန့်ဝေခဲ့သည်။ ထို့နောက် ပလတ်စတစ်အိတ်များသည် ဆွေးမြေ့လွယ်သည့် ပစ္စည်းများမဟုတ်သည့်အတွက် အသုံးပြုမှုကို တတ်နိုင်သမျှလျှော့ချရန်လိုအပ်ကြောင်း၊ အသုံးပြုပြီး ပလတ်စတစ်များကိုလည်း စနစ်တကျအမှိုတ်ပုံထဲသို့ စွန့်ပစ်ကြရန်နှင့် အစားအစာများအား ပလတ်စတစ်အိတ် အသုံးပြုထုပ်ပိုးမှုကြောင့် ရောဂါဖြစ်ပွားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့သည်။


မတူပီမြို့နယ်ရုံးအနေဖြင့် စာသင်ကျောင်းများသို့ ကွင်းဆင်းပြီး အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများအား သုတ၊ ရသစာအုပ်များ ငှါးရမ်းပေးခြင်း၊ မူလတန်းအဆင့် ကျောင်းသားကျောင်းသူများကို မဂ္ဂဇင်း၊ ကာတွန်း၊ ရုပ်ပြစာအုပ်များ ငှါးရမ်းပေးခြင်းနှင့် ပုံပြောခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဆလိုင်းအောင်(ပြန်/ဆက်)