ပွင့်ဖြူ ၉ မေ

 


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီး၏ ရွှေထီးတော်တင်လှူခြင်းနှင့် ဘက်စုံမွမ်းမံပြင်ဆင်မှုများ ဆောင်ရွက်ရန်အတွက် ကြံ့ခိုင်မှုအားနည်းနေပြီဖြစ်သည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်ဟောင်းအား စေတီတော်အထွဋ်မှ ရင်ပြင်ပေါ်သို့ ပင့်ဆောင်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီးဝင်းအတွင်း ပြုလုပ်သည်။

 

စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်ဟောင်းရှိ ပစ္စည်းစာရင်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ရှေးဟောင်းသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများ၊ဘုရားဂေါပကတာဝန်ရှိသူ နှင့် အလှူရှင်များက  အသေးစိတ်မှတ်တမ်းတင်ကာ သေတ္တာတွင်ထည့်၍ ချိပ်ပိတ်ပြီး ဘဏ်တွင်အပ်နှံထားမည်ဖြစ်ပြီး ဘက်စုံပြုပြင်မွမ်းမံမှုများအား ဆောင်ရွက်ပြီးချိန်တွင် ရတနာစိန်ဖူးတော်၊ ရွှေငှက်မြတ်နားတော်၊ ရွှေထီးတော်အသစ်တွင် မှတ်တမ်းတင်ထားသော ပစ္စည်းများအား ပြန်လည်ထည့်သွင်း ပူဇော်သွားမည်ဖြစ်ကာ သင့်လျှော်သည့် ရင်ပြင်နေရာတွင် ထီးတော်ဟောင်းအားငုံ၍ ထီးစေတီတော် တည်ထားကိုးကွယ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 


စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီး၏ ရွှေထီးတော်တင်လှူခြင်းနှင့် ဘက်စုံမွမ်းမံပြင်ဆင်မှုများ ဆောင်ရွက်ရန်အတွက် ကျောင်းတော်ရာ ကျောင်းကြီးကျောင်းတိုက် ပဓါနနာယက စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီး သြဝါဒစရိယ၊ အကျိုးတော်ဆောင်ချုပ်ဆရာတော် သာသနာ့ဓဇ ဓမ္မစရိယ ဘဒ္ဒန္တ ဓမ္မာစာရ ဆရာတော်ကြီး၏ သြဝါဒကိုခံယူကာ၊ ကျိုက်ထီးဆောင်း ဒုတိယ ကျိုက်ထီးဆောင်း ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တနာဂဒီပမှ ဦးဆောင်ကြီးကြပ်မှု၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ၏ အကူအညီဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ့ နုဂ္ဂဟအသင်း (ဗဟို) ဥက္ကဋ္ဌ၊ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေနှင့် အလှူရှင်များက စုပေါင်းလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီးသည် ဘုရားရှင် (၂၁) ဝါမြောက်၊ ဝါတွင်းကာလ (၇) ရက် သီတင်းသုံးတော်မူသော စန္ဒကူးနံ့သာကျောင်းတော်ရာ၏ နေရာတွင် အလောင်းစည်သူမင်းကြီးမှ တည်ထားကိုးကွယ်တော်မူခဲ့သည့် သမိုင်းဝင် စေတီတော်ကြီးဖြစ်ကြောင်း သိရသည်။

 


သတင်းနှင့်ဓာတ်ပုံ- မင်းမင်း