ပွင့်ဖြူ ၄ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ စန္ဒကူးနံ့သာ ကျောင်းတော်ရာစေတီတော်မြတ်ကြီး၏ ရတနာစိန်ဖူးတော် ၊ ရတနာငှက်မြတ်နားတော် ၊ မကိုဋ်(၃)ဆင့် ရွှေထီးတော်ဆက်ကပ်ခြင်း ၊ လုံးတော်ပြည့်ရွှေရောင်စတီးသင်္ကန်းကပ်လှူခြင်း နှင့် ထီးတော်ဟောင်းကိုထီးစေတီအသစ်တည်ထား ကိုးကွယ်ခြင်း မင်္ဂလာအခမ်းအနားကို ဇူလိုင် ၁၃ ရက်နေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်ဝန်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
ကကုသန်မြတ်စွာဘုရား၊ ကောဏဂုံမြတ်စွာဘုရားနှင့် ကဿပမြတ်စွာဘုရားရှင်တို့ (ရ)ရက်သီတင်းသုံးတော်မူခဲ့သည့်နေရာတွင် မဟာပုဏ္ဏ ရဟန္တာမြတ်ကြီး၏ ပင့်လျှောက်ချက်အရ ဂေါတမမြတ်စွာဘုရားရှင် (၂၁) ဝါမြောက်၊ ဝါတွင်းကာလ (၇) ရက် သီတင်းသုံးတော်မူသော စန္ဒကူးနံ့သာ ကျောင်းတော်ရာ၏ နေရာ၌ တည်ထားကိုး ကွယ်သော စေတီတော်မြတ် ဖြစ်သော ကြောင့် သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်ဟု အမည်တွင်ခေါ်ခြင်း ဖြစ်သည်။
ကျောင်းတော်ရာကျောင်းကြီးကျောင်းတိုက် ပဓါနနာယက၊ စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်ဂေါပကအဖွဲက၏ သြဝါဒစရိယ၊ အကျိုးတော်ဆောင်ချုပ်ဆရာတော် ဘဒ္ဒန္တ ဓမ္မစာရ (သာသနာ့ဇဓမ္မစရိယ)ဆရာတော်အရှင်သူမြတ်၏ ခွင့်ပြုချက်ဖြင့် အဘိုးကျိုက်ထီးဆောင်းဆရာ တော်ကြီး ၏ ဆန္ဒတော်နှင့်အညီ ဒုတိယကျိုက်ထီးဆောင်း ဆရာတော် ဒေါက်တာဘဒ္ဒန္တနာဂဒီပ၏ ကြီးကြပ်မှုဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တို့အား အမှူးထား၍ မြန်မာနိုင်ငံလုံး ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသသာသနာနုဂ္ဂဟအသင်း (ဗဟို) ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေနှင့် ဇနီး သီရိသုဓမ္မသိင်္ဂီ ဒေါ်စန်းစန်းကြွယ် (ဇေကမ္ဘာမိသားစု) ကပဓာနဒါယကာ ပြုလုပ် လှူဒါန်းခြင်းဖြစ်သည်။
ဇူလိုင် ၁၂ ရက် ညနေ တွင် စေတီတော် အောက်ဘုံမကြီးထီးတော်တင်လှုပွဲ ကျင်းပမည်ဖြစ်ပြီး တေးသံရှင်များဖြစ်သည့် မန္တလေးသိန်းဇော် ၊ မြန်မာပြည်သိန်းတန် ၊ ဗညားဟန် ၊ မနော ၊ အာကာဘို ၊ မေခလာ ၊ စိမ့်နေခြည် ၊ သွန်း ၊ ရွှေမြိုင် နှင့် ရုပ်ရှင်သရုပ်ဆောင် မေစူးနိုင်တို့မှလည်း ဇူလိုင် ၁၂ ရက်ညပိုင်းမှ စတင်ကာ သီဆိုဖျော်ဖြေပေးသွားမည်ဖြစ်ပြီး ထီးတော်တင်လှူ ပွဲသို့ နိုင်ငံ (၁၂) နိုင်ငံ မှ သံဃာတော်များနှင့် လူပုဂ္ဂိုလ် (၁၅၀) ကျော် တက်ရောက်မည်ဖြစ်သည်။
သတင်း-နေလင်း


