ရန်ကုန်  ၇  ဇူလိုင် 

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် မင်းဘူးမြို့မှ မြောက်ဘက် (၁၉)မိုင် အကွာတွင် တည်ရှိသည့် စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်မည့် ရွှေထီးတော် ငှက်မြတ်နားတော် ရတနာစိန်ဖူးတော်များအား ကျိုက်ထီးဆောင်း ဆံတော်ရှင်မှ လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော် သို့ ရင်ငွေ့လှုံ ပူဇော်ရန် ပင့်ဆောင်ပူဇော်သည့် အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော် ရင်ပြင်တော်၌ ကျင်းပသည်။

 

ယင်းအခမ်းအနားသို့ ဒုတိယကျိုက်ထီးဆောင်း ဆရာတော် ဒေါက်တာဘဒ္ဒန္တ နာဂဒီပ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို နှင့် တာဝန်ရှိသူများ အလှုရှင် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာ အဖွဲ့ချူပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း ( ဗဟို) ဥက္ကဋ္ဌ ဝဏ္ဏ ကျော်ထင် ဒေါက်တာခင်ရွှေ တို့ တက်ရောက်ပူဇော်ကြသည်။  

 

စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်မည့် ရတနာစိန်ဖူးတော်နှင့် ရွှေထီးတော်များအား ရွှေတိဂုံစေတီတော် တနဂငေ်္နွထောင့်ရှိ ဦးဘရီတန်ဆောင်းတွင် တစ်ညတာ ရင်ငွေလှုံ အပူဇော်ခံမည်ဖြစ်ပြီး ဇူလိုင် ၈ ရက် နံနက် ၆ နာရီတွင် ရွှေတိဂုံစေတီတော် မှ အောင်လံမြို့သို့ ပင့်ဆောင်ကာ ညအိပ်ရပ်နားအပူဇော်ခံမည်ဖြစ်သည်။

 

ထို့နောက် ဇူလိုင် ၉ ရက်တွင် အောင်လံမြို့မှ မကွေးမြို့သို့ ဆက်လက် ပင့်ဆောင်ပြီး ညအိပ်ရပ်နားအပူဇော်ခံခြင်း၊  ဇူလိုင် ၁၀ ရက်တွင် မကွေးမြို့မှတဆင့် စန္ဒကူးနံ့သာ ကျောင်းတော်ရာသို့ ပင့်ဆောင်အပူဇော်ခံခြင်း၊ ဇူလိုင် ၁၂ တွင် စန္ဒကူးနံ့သာ ကျောင်းတော်ရာစေတီ၏ ထီးတော် အောက်ဘုံအဆင့်တင်လှူ ပူဇော်ခြင်း များပြုလုပ်ပြီးနောက်  ဇူလိုင် ၁၃ ရက် နံနက်ပိုင်းတွင် ရတနာ စိန်ဖူးတော် ရွှေထီးတော် များအား စည်ကားသိုက်မြိုက်စွာဖြင့် တင်လှူပူဇော်သွားမည်ဖြစ်သည်။

 

(သတင်း-ဓာတ်ပုံ/နေလင်း)