နေပြည်တော် ၈ သြဂုတ် 


စင်ကာပူနိုင်ငံ၏ (၅၄)နှစ်မြောက်အမျိုးသားနေ့ အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ကျင်းပသည်။


အခမ်းအနားမစတင်မီ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်းနှင့် စင်ကာပူနိုင်ငံတော်သီချင်းတို့အား ဖွင့်လှစ်၍ နိုင်ငံတော်အလံများအား အလေးပြုကြသည်။


ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံသံအမတ်ကြီး Ms. Vanessa Chan နှင့် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းတို့က စင်ကာပူနိုင်ငံ၏ (၅၄)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် ဂုဏ်ပြုနှုတ်ခွန်းဆက်စကား ပြောကြားကြသည်။


ယင်းနောက် စင်ကာပူသံအမတ်ကြီးက တက်ရောက်လာကြသူများအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။


အခမ်းအနားသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့်ဇနီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်ဇနီး၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့်ဇနီး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့်ဇနီး၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။   


သတင်းစဉ်