စင်ကာပူ ဒီဇင်ဘာ ၁၂

စင်ကာပူနိုင်ငံရှိ   ဆေးရုံများသည်   နိုင်ငံအတွင်း ကိုဗစ် - ၁၉  ရောဂါအခြေအနေကို  အနီးကပ် စောင့်ကြည့်လျက်ရှိကြောင်းနှင့်  လိုအပ်လာပါက တိုးမြှင့်လုပ်ဆောင်သွားရန် အဆင်သင့်ရှိကြောင်း အမျိုးသားကျန်းမာရေးစနစ် တက္ကသိုလ် (အင်န်ယူ အိတ်ချ်အက်စ်)နှင့် စင်ကာပူကျန်းမာရေးဝန်ဆောင်မှု က ဒီဇင်ဘာ ၁၁   ရက်တွင် ပြောသည်။

စင်ကာပူနိုင်ငံသည်  လွန်ခဲ့သည့်   ရက်သတ္တ နှစ်ပတ်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်ဖြစ်ပွားမှု မြင့်တက်လျက်ရှိသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယခင်ရက်သတ္တပတ်က ကိုဗစ်- ၁၉  ရောဂါကူးစက်ဖြစ်ပွားသူ ၂၂၀၉၄ ဦးနှင့် နှိုင်းယှဉ် ပါက  နိုဝင်ဘာ  ၂၆ ရက်မှ   ဒီဇင်ဘာ  ၂   ရက် ရက်သတ္တပတ်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက် ဖြစ်ပွားသူ ၃၂ ၀၃၅ ဦးအထိ မြင့်တက်လာကြောင်း သိရသည်။

အဆိုပါရောဂါကြောင့်   ဆေးရုံတက်ရောက် ကုသသူနှင့်အထူးကြပ်မတ်ကုသဆောင်တွင် ကုသသူ အရေအတွက်မှာ ကပ်ရောဂါကာလအတွင်းက တက်ရောက်ကုသသူအရေအတွက်ထက်   မများကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မှတ်ချက်ပြု ပြောသည်။ ထို့အပြင် ပြည်တွင်း၌   ကူးစက်ပျံ့နှံ့နေသည့် မျိုးကွဲများသည် ပိုမိုကူးစက်နိုင်မှု   သို့မဟုတ် ပြင်းထန်သောရောဂါဖြစ်ပွားစေနိုင်မည့်   အရိပ်အယောင် မတွေ့ရကြောင်းလည်း ပြောသည်။    

စီအင်န်အေ