စင်ကာပူ ဒီဇင်ဘာ ၁၂
စင်ကာပူနိုင်ငံရှိ ဆေးရုံများသည် နိုင်ငံအတွင်း ကိုဗစ် - ၁၉ ရောဂါအခြေအနေကို အနီးကပ် စောင့်ကြည့်လျက်ရှိကြောင်းနှင့် လိုအပ်လာပါက တိုးမြှင့်လုပ်ဆောင်သွားရန် အဆင်သင့်ရှိကြောင်း အမျိုးသားကျန်းမာရေးစနစ် တက္ကသိုလ် (အင်န်ယူ အိတ်ချ်အက်စ်)နှင့် စင်ကာပူကျန်းမာရေးဝန်ဆောင်မှု က ဒီဇင်ဘာ ၁၁ ရက်တွင် ပြောသည်။
စင်ကာပူနိုင်ငံသည် လွန်ခဲ့သည့် ရက်သတ္တ နှစ်ပတ်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်ဖြစ်ပွားမှု မြင့်တက်လျက်ရှိသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယခင်ရက်သတ္တပတ်က ကိုဗစ်- ၁၉ ရောဂါကူးစက်ဖြစ်ပွားသူ ၂၂၀၉၄ ဦးနှင့် နှိုင်းယှဉ် ပါက နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၂ ရက် ရက်သတ္တပတ်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက် ဖြစ်ပွားသူ ၃၂ ၀၃၅ ဦးအထိ မြင့်တက်လာကြောင်း သိရသည်။
အဆိုပါရောဂါကြောင့် ဆေးရုံတက်ရောက် ကုသသူနှင့်အထူးကြပ်မတ်ကုသဆောင်တွင် ကုသသူ အရေအတွက်မှာ ကပ်ရောဂါကာလအတွင်းက တက်ရောက်ကုသသူအရေအတွက်ထက် မများကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မှတ်ချက်ပြု ပြောသည်။ ထို့အပြင် ပြည်တွင်း၌ ကူးစက်ပျံ့နှံ့နေသည့် မျိုးကွဲများသည် ပိုမိုကူးစက်နိုင်မှု သို့မဟုတ် ပြင်းထန်သောရောဂါဖြစ်ပွားစေနိုင်မည့် အရိပ်အယောင် မတွေ့ရကြောင်းလည်း ပြောသည်။
စီအင်န်အေ