(၁၈-၉-၂၀၂၀ ရက်၊ နေပြည်တော်)

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်း ထားခြင်း ကြောင့် စင်ကာပူနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာ နိုင်ငံသား (၁၅၃) ဦး အား မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ (၁၇ ၀၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြကြောင်း သိရသည်။

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှု ကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ / သတ်မှတ်ဟိုတယ် များ၌ အသွားအလာ ကန့်သတ်မှု (၁၄) ရက် နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု (၇) ရက်နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား များအား ပြန်လည် ခေါ်ဆောင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့် ဗဟို ကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံး များနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ စင်ကာပူနိုင်ငံမှ ကယ်ဆယ်ရေးလေယာဉ်အား အပတ်စဉ် သောကြာနေ့တိုင်း ပျံသန်း ပြေးဆွဲလျက်ရှိပြီး ယနေ့အထိ စင်ကာပူနိုင်ငံမှ ကယ်ဆယ်ရေးလေယာဉ် (၁၈) ကြိမ်တိုင် ပျံသန်းပြေးဆွဲခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Crd - Ministry of Foreign Affairs Myanmar