ရန်ကုန် ဒီဇင်ဘာ ၁၂


စင်ကာပူနိုင်ငံရောက်မြန်မာနိုင်ငံသားများ အနေဖြင့် ဒီဇင်ဘာ ၁၂ ရက်ကစတင်ကာ ဝင်ငွေခွန်ပေးဆောင်ရမည်ဖြစ်ပြီး ဝင်ငွေခွန်ပေးဆောင်ပြီး ပြေစာအထောက်အထားများပြနိုင်မှသာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်ပေးမည် ဖြစ်ကြောင်း စက်ာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သိရသည်။


ပြည်ပနေ မြန်မာနိုင်ငံသားများ၏ ပြည်ပတွင်ရရှိသည့် လစာဝင်ငွေအပေါ် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှစ၍ ဝင်ငွေခွန်များ ပေးဆောင်ရမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်၍ စင်ကာပူနိုင်ငံ၌ ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့် ယနေ့ ဒီဇင်ဘာ ၁၂ ရက်မှ စတင်၍ ဝင်ငွေခွန်များ ပေးဆောင်ရမည်ဖြစ်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။


ဒီဇင်ဘာ ၁၂ ရက်က စတင်၍ ဝင်ငွေခွန်များပေးဆောင်ရမည်ဖြစ်ပြီး အောက်တိုဘာလမှ လာရောက်ဆောင်ရွက်သည့် ကာလအထိ  ဝင်ငွေခွန်ပေးဆောင်ပြီးမှသာ မြန်မာသံရုံး စင်ကာပူမြို့တွင်  နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်ခြင်းနှင့် ကောင်စစ်ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အခွန်များကောက်ခံမည့် လစဉ်နှုန်းထားများအား နေထိုင်ခွင့် အရေးအမျိုးအစားများပေါ်မူတည်၍ သတ်မှတ်နှုန်းထားအပေါ် ၂ ရာခိုင်နှုန်းအခွန်ပေးဆောင်ရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။


"အခွန်ဆောင်ပြေစာပြ ပြီးရင်သက်တမ်းတိုးရမှာပါ။ နိုင်ငံရဲ့အခွန်ဆိုတာ ကမ္ဘာ့နိုင်ငံတိုင်းဆောင်နေရတာပဲလေ"ဟု စင်ကာပူရောက်မြန်မာအလုပ်သမားတစ်ဦးကပြောသည်။


Student Pass ကိုင်ဆောင်ထားသူများသည် လက်ရှိကျောင်းတက်ရောက်နေသည့် ကျောင်းထောက်ခံစာများတင်ပြလျှင် ဝင်ငွေခွန်ပေးဆောင်ခြင်း ကင်းလွတ်ရရှိမည်ဖြစ်ကြောင်းလည်း သံရုံးက အသိပေးထားသည်။

သစ်တော်