မန္တလေး   ၁၅   ဩဂုတ်

မြန်မာ့သရက်သီးကို နိုင်ငံတကာဈေးကွက်ရှာတင်ပို့လျက်ရှိရာ ၂၀၂၀ ပြည့်နှစ် ဧပြီလကုန်မှ ဇူလိုင်လ အတွင်း စင်ကာပူနိုင်ငံသို့ သရက်သီးတန်ချိန် ၁၀ဝ နီးပါးတင်ပို့နိုင်ခဲ့ပြီး အလားအလာကောင်းများ ရှိလာသဖြင့် လာမည့်နှစ်တွင် အခြားနိုင်ငံများသို့ ဈေးကွက်တိုးချဲ့ရန် စီစဉ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသရက်အသင်း၊ ဒုတိယ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ(သဇင်နွယ်)မှ ပြောကြားသည်။

 

သရက်သီးရာသီမှာ ဧပြီလကုန်မှ ဇူလိုင်နှင့် ဩဂုတ်လအတွင်းဖြစ်၍ ယခင်နှစ်က စင်ကာပူနိုင်ငံဈေးကွက်သို့ တန်ချိန် ၂၀ ခန့် တင်ပို့နိုင်ခဲ့ရာက ယခုနှစ်တွင် တန်ချိန် ၁၀၀ နီးပါးတင်ပို့နိုင်ခဲ့ပြီး နိုင်ငံတကာ စားသုံးမှု ဈေးကွက်တွင်လည်း နေရာတစ်ခုရရှိနေပြီဟုဆိုသည်။

 

“ခုတော့ သရက်ရာသီကုန်သွားပြီ။ နောက်ဆုံးထွက်တဲ့ ရှမ်းပြည်က သရက်တောင် မရှိတော့ဘူး။ ဒီနှစ် သရက်ရာသီမှာ စင်ကာပူကို NT Star နဲ့သဇင်နွယ် ၂ ခုပေါင်းအုပ်စုက သင်္ဘောနဲ့ တင်ပို့ခဲ့တော့ တင်ပို့မှုပိုင်းမှာ အဆင်ပြေလို့ ပင်လယ်ရေကြောင်းနဲ့ ဂျပန်ပို့မလား၊ အလားအလာကောင်းတွေရှိနေပြီ။ အခြားနိုင်ငံတွေဆီ Export လုပ်ဖို့ စီစဉ်နေကြပြီ”ဟု ၎င်းကပြောသည်။

 

ကိုဗစ်ကပ်ရောဂါနှင့် တရုတ်သို့ သစ်သီးများတင်ပို့မှုအများဆုံးကာလ တိုက်ဆိုင်ခဲ့သည့်အတွက် တရုတ် ဈေးကွက်တွင် ဆုံးရှုံးမှုနင့် ဈေးကွက်မတည်ငြိမ်မှုများ ကြုံတွေခဲ့ရသဖြင့် ပြည်တွင်းမှ ကုန်သည်နှင့် စိုက်ပျိုးတောင်သူများ နစ်နာဆုံးမှုများရှိခဲ့သော်လည်း စင်ကာပူနိုင်ငံသို့ တင်ပို့နိုင်မှုမှာ အမြင့်ဆုံးဖြစ်ပြီး တရုတ်ဈေးကွက်တွင် ဝယ်လိုအားနည်းသည့်အပြင် ဈေးနုန်းလည်း ယခင်နှစ်ထက် လျော့နည်းခဲ့ကြောင်း သိရသည်။

 

“စင်ကာပူကို တင်ပို့တဲ့သူက အရင်ထက်များလာတယ်။ သရက်သီးက ဒီနှစ်မှာ ပြည်တွင်းမှာလည်း ပိုလျှံခဲ့တယ်။ တရုတ်ဈေးကွက်ကလည်း အဆွဲနည်းခဲတာ။ ဒီလိုအချိန်မှာ စင်ကာပူဘက် တင်ပို့နိုင်မှု များလာတာက အလားအလာကောင်းပေါ့။ တရုတ်ဈေးကွက်မှာ ၁၆ ကီလိုတစ်ခြင်းမှ အများဆုံးယွမ် ၁၃၀ ပဲရပြီး မနှစ်က ၁၆၀ ထိရခဲ့တယ်”ဟု မြန်မာသရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အသင်းအတွင်းရေးမှူး ဦးကျော်စိုးနိုင် က ပြောသည်။

 

မြန်မာနိုင်ငံမှ ပြည်ပသို့ သရက်သီးတင်ပို့မှု စာရင်းများအရ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ၄၇၇၄၇ ဒသမ ၉၅ တန်(အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၀၇သန်း)၊၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ၂၉၄၄၄ တန်(အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၀၆ သန်း)၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ၃၀၉၄၄ဒသမ ၁ဝတန်(အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၆၂ သန်း)၊၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ၄၇၁၀၀ ဒသမ ၀၄ တန်(အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၀၈ သန်း)၊၂၀၁၉-၂၀(၂၀၁၉ အောက်တိုဘာ ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၇ ထိ)၂၃၁၅ ဒသမ ၂၅ တန်(အမေရိကန်ဒေါ်လာ ၀ ဒသမ ၉၇ သန်း) ဖြစ်ကြောင်း သိရသည်။

 

မြန်မာတစ်နိုင်ငံလုံးတွင် သရက်စိုက်ဧက ၂၅၀ ၀၀၀ ခန့်ရှိပြီးသရက်သီးအထွက်တန်ချိန် ၆ ဒသမ ၆ သိန်းကျော်ရှိကြောင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှ အများဆုံး စိုက်ပျိုး၍ စင်ကာပူသို့တင်ပို့ရာတွင် အအေခန်းစန်များဖြင့် တင်ပို့ခြင်းဖြစ်ပြိး တောင်သူများထံမှ ဝယ်ယူရာ၌လည်း စံချိန်မှီသရက်သီးများဖြစ်ရန်နှင့် အရွယ်အစားအလိုက် ဈေးနုန်းသတ်မှတ်ဝယ်ယူခြင်း ဖြစ်ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)