ရန်ကုန် ၈ ဇူလိုင်
စည်းကမ်းမဲ့လမ်းဖြတ်ကူးသူများကို လတ်တလောအရေးယူ ဆောင်ရွက်ခြင်းမရှိသေးဘဲ ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကာ သတ်မှတ်ကာလတစ်ခုရောက်ပါက အရေးယူသွားမည်ဖြစ်ကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၈ ရက်က ကျင်းပသော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန် အစည်းအဝေး (၁၁)ရက်မြောက်နေ့တွင် မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက “လူကူးခုံးကျော်တံတားများ တည်ဆောက်ပေးထားသော နေရာများတွင် ခုံးတံတားပေါ်မှ မကူးဘဲ စည်းကမ်းမဲ့ လမ်းပေါ်မှ ဖြတ်သန်းသွားလာမှုကြောင့် ယာဉ်အသွားအလာများ အနှောင့်အယှက်ဖြစ်ရခြင်း၊ လမ်းကူးသူများ အန္တရာယ်များခြင်းများမှ ကင်းဝေးစေရန် အဆိုပါနေရာများတွင် ပညာပေးလုပ်ငန်းများ၊ ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားရန် အစီအစဉ်ရှိ/မရှိ” မေးမြန်းရာ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားသည်။
“ယာဉ်ထိန်းရဲတပ်ဖွဲ့အနေနဲ့တော့ စည်းကမ်းမဲ့လမ်းဖြတ်ကူးသူများကို လတ်တလောအရေးယူ ဆောင်ရွက်ခြင်း မရှိသေးဘဲ ပညာပေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး သတ်မှတ်ကာလတစ်ခု ရောက်ရင် တော့ သတ်မှတ်ထားသည့်အတိုင်း အရေးယူမှုများကို ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ဒေါ်နီလာကျော်က ပြောသည်။
ရန်ကုန်မြို့ပေါ်တွင် လူကူးဂုံးကျော်တံတား (၁၄)ခုရှိပြီး လူကူးခုံးကျော် အများစုမှာ (Guard Way)များ ကာရံတပ်ဆင်ထားသဖြင့် လူအများမှာ ခုံးကျော်တံတားမှသာ ဖြတ်သန်းသွားလာသောကြောင့် ယာဉ်အသွားအလာများ အနှောင့်အယှက် ဖြစ်ပေါ်ခြင်းမရှိသော်လည်း အနည်းငယ်သော လူကူးဂုံးကျော်တံတားများတွင် စည်းကမ်းမဲ့လမ်းပေါ်မှ ဖြတ်သန်းသွားမှုရှိသဖြင့် အပတ်စဉ် မိုဘိုင်းယာဉ်အသုံးပြု၍ အသိပညာပေး လုပ်ငန်းများဆောင်ရွက်လျှက်ရှိကြောင်း၊ လူစည်ကားရာနေရာဖြစ်သည့် ကျောက်တံတားမြို့နယ်၊ အနော်ရထာ - ဆူးလေ လူကူးခုံးကျော်တံတား၊ ကမ်းနား - ပန်းဆိုးတန်းလူကူးခုံးကျော်တံတား၊ လသာမြို့နယ် ၊ အနော်ရထာ- ရွှေတိဂုံဘုရားလမ်း လူကူးခုံးကျော်တံတားတို့တွင် စည်းကမ်းမဲ့လမ်းပေါ်မှ ဖြတ်ကူးမှုများကြောင့် ယာဉ်အသွားအလာများ အနှောင့်အယှက်ဖြစ်စေခြင်း၊ လမ်းကူးသူများ ယာဉ်အန္တရာယ်များပြားခြင်း၊ ယာဉ်မတော် တဆမှုဖြစ်ပွားခြင်းတို့မှ ကင်းဝေးစေရေး စည်းကမ်မဲ့လမ်းဖြတ်ကူးခြင်းမပြုရန် ၂၀၁၉ ခုနှစ် မေ ၇ ရက်နေ့မှစ၍ အမှတ်(၇) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ (ရန်ကုန်-အနောက်)မှ တပ်ဖွဲ့ဝင်များက နေ့စဉ်ပညာပေး လုပ်ငန်းများဆောင်ရွက်ခဲ့ရာ စည်းကမ်းမဲ့လမ်းဖြတ်ကူးသူ ၄၀ဝ၀ ကျော်နှင့် အနှေးယာဉ်စီးနင်းသူ ၂၀ဝ ကျော်တို့အား အသိပညာပေးခြင်း၊ လက်ကမ်း စာစောင်များဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အခြားမြို့နယ်များရှိ လူကူးခုံးကျော်တံတားတို့တွင်လည်း စည်းကမ်းမဲ့ လမ်းဖြတ်ကူးခြင်းမရှိစေရန် လက်ကိုင် စပီကာများဖြင့် အများပြည်သူအား လူကူးခုံးကျော် တံတားမှ ကူးရန်အသိပေးလှုံ့ဆော်ခြင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ တာဝန်ချထား၍ နေ့စဉ်ပညာပေးဆောင်ရွက်ခြင်း၊ လမ်းကမ်းစာစောင်များ ဖြန့်ဝေခြင်းများဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
၁၉၈၉ ခုနှစ် မော်တော်ယာဉ်နည်းဥပဒေ ပုဒ်မ ၁၇၈ တွင်လည်း ခြေလျင် လျှောက်သူသည် လမ်းဖြတ်ကူးလိုလျှင် သတ်မှတ်ထားသည့် လမ်းကျော်တံတား မျဉ်းကျား၊ မြေအောက်လမ်း (သို့) ခွင့်ပြုထားသည့် နေရာ စသည်တို့မှ ဖြတ်ကူးရမည်၊ လမ်းပေါ်တွင် ကျွန်းရှိလျှင် ၎င်းကျွန်းပေါ်တွင် တစ်ထောက်နားပြီး ယာဉ်သွားမှု ရှင်းမှ ဆက်လက်ဖြတ်ကူးရမည်ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။
ငြိမ်းငြိမ်း-နယူးလိုက်


