သထုံ ၂၀ မေ
မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီနှင့် ငြိမ်းဖောင်ဒေးရှင်းတို့ပူးပေါင်း၍ ပြည်နယ် စည်ပင်သာယာရေးဥပဒေနှင့် စည်ပင်သာယာရေးဆိုင်ရာ အခွန်၊ အခ၊ အကောက်များ ဥပဒေတို့အား အကောင်အထည်ဖော်နေမှုနှင့်ပတ်သတ်၍ ပြည်သူ့အသံကြားနာပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက သထုံမြို့၊ အောက်ကျင်းရပ်ကွက်ရှိ သုဝဏ္ဏခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် သထုံမြို့နယ်မဲဆန္ဒနယ်မြေ အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက အမှာစကားပြောကြားပြီး ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခိုင်ခိုင်လဲ့က ပြည်သူ့အသံကြားနာပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ ပြည်နယ်စည်ပင်သာယာရေးဥပဒေနှင့် စည်ပင်သာယာရေးဆိုင်ရာ အခွန်၊ အခ၊ အကောက်များ ဥပဒေပါအချက်များကို ရှင်းလင်းပြောကြားကာ တက်ရောက်လာ သူများအား ဥပဒေပြုရေးရာ ကော်မတီအဖွဲ့ဝင်များ၊ ငြိမ်းဖောင်ဒေးရှင်းအဖွဲ့ဝင်များ၊ တာဝန်ရှိသူတို့ နှင့် တစ်ဦးချင်းမိတ်ဆက် ပေးသည်။
ယင်းနောက် ပြည်သူ့အသံကြားနာပွဲကိုကျင်းပရာ တက်ရောက်လာသည့် ပြည်သူများက သထုံမြို့နယ်အတွင်း အမှိုက်စွန့်ပစ်မှု၊ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှု၊ မြို့ရေပေးဝေရေး လုပ်ငန်းဆောင်ရွက်မှုနှင့် အခြားမြို့စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့နှင့် ပတ်သက်၍ သိလို သည်များကို ကဏ္ဍအလိုက် ဆွေးနွေးမေးမြန်းကြရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်ထွဋ်နှင့် တာဝန်ရှိသူတို့က ပြန်လည် ရှင်းလင်းဖြေကြားပြီး တက်ရောက်လာသူတို့က သထုံမြို့နယ်၌ စည်ပင်သာယာရေး ကော်မတီ ဖွဲ့စည်းသင့်၊ မသင့်နှင့် ပတ်သတ်၍ အပြန်အလှန်ဆွေးနွေး ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ်ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများ၊ သထုံမြို့မဈေးနှင့် သုဝဏ္ဏဈေးတိုမှ ဈေးဆိုင်ခန်းပိုင်ရှင်များ၊ လိုင်စင်စီလုပ်ငန်းရှင်များ၊ စားသောက်ဆိုင်ပိုင်ရှင်များ၊ ဟိုတည်နှင့် တည်ခိုခန်းပိုင်ရှင်များ၊ လမ်းဘေးဈေးသည်များနှင့် စိတ်ပါဝင်စားသည့် ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်ဦး(သထုံ)