မကွေး ၁၆ သြဂုတ်
မကွေးတိုင်းဒေသကြီးအတွင်းရှိ စည်ပင်သာယာရေးအဖွဲ့များအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း လမ်း၊ တံတား၊ ရေမြောင်းနှင့် ရေပေးရေးလုပ်ငန်းများအတွက် ငွေကျပ်သန်းတစ်သောင်းကျော် အသုံးပြုဆောင်ရွက်နိုင်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့က သိရသည်။
ဘဏ္ဍာရေးနှစ်အတွင်း လမ်းအရှည် (၆၃ မိုင် ၇.၃၈ ဖာလုံ)အတွက် ငွေကျပ် (၆၂၀၈.၅၇၀)သန်း၊ တံတား/ရေမြောင်း (၄၃၇)စင်းအတွက် ငွေကျပ် (၃၃၅၂.၈၆၅)သန်း၊ ရေပေးရေးလုပ်ငန်း ၁၀၂ ခုအတွက် ငွေကျပ် (၉၁၅.၂၃၁)သန်း အသုံးပြု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
“လုပ်ငန်းတွေမှာ မူလလျာထားတဲ့ အတိုင်းအတာ ပြည့်မီမှု ရှိ၊ မရှိ၊ လုပ်ငန်းသုံးပစ္စည်းတွေရဲ့ အရည်အသွေး ကောင်း၊ မကောင်း ဒါတွေကို လုပ်ငန်းစဉ်အဆင့်တိုင်းမှာ စည်ပင်သာယာရေးကော်မတီတွေက ကြီးကြပ်ပါတယ်။ ဝန်ကြီးကိုယ်တိုင် စစ်တာတွေလည်း ရှိပါတယ်” ဟု မကွေးတိုင်း စည်ပင်ညွှန်မှူး ဦးထင်အောင်က ရှင်းပြသည်။
လုပ်ငန်းများကို လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင် စည်ပင်တာဝန်ခံများက စစ်ဆေးမှုများ လုပ်ဆောင်ကြောင်း၊ လုပ်ငန်းစတင်ကတည်းက လုပ်ငန်းအမျိုးအစား၊ အတိုင်းအတာ၊ လုပ်ငန်းသုံးပစ္စည်းနှင့် အရေအတွက်၊ လုပ်ငန်းစတင်ချိန်နှင့် ပြီးစီးမည့်ကာလ၊ တာဝန်ခံဆောင်ရွက်မည့် ဝန်ထမ်းနှင့် တင်ဒါအောင်အဖွဲ့အစည်းများကို အများပြည်သူသို့ ချပြရှင်းလင်းခြင်းများ လုပ်ဆောင်ကြောင်း မကွေးတိုင်းစည်ပင်က သိရသည်။
ဇေယျတု(မကွေး)