နေပြည်တော် စက်တင်ဘာ ၁၄

စွန့်ပစ်အမှိုက်မှသည် သဘာဝမြေဆွေးရရှိရေးအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈နာရီ က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ စက်မှုလယ်ယာ သင်တန်းကျောင်း(ရေဆင်း)တွင် ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ စက်မှုလယ်ယာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွန်အေး၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ စက်မှုလယ်ယာသင်တန်းကျောင်း(ရေဆင်း) မှ အရာထမ်းများ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ မြို့နယ်များမှ မြို့နယ်ဦးစီးဌာနမှူးများ တက်ရောက်ကြပြီး စက်မှုလယ်ယာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားသည်။

သင်တန်းတွင် စက်မှုလယ်ယာဦးစီးဌာနတွင် ပြုလုပ်လျက်ရှိသည့် ပုံမှန်နည်းစနစ်ထက် ဆွေးမြည့်မှုမြန်ဆန်စေရန် လေပေးသွင်း၍ ပြုလုပ်သည့်နည်းလမ်းများ ၊ ပြောင်းရိုး၊ ကောက်ရိုး၊ နွားချေး၊ သစ်ရွက်စိမ်း (ဗေဒါ)ကုန်ကြမ်း များကို အသုံးပြုကာ သဘာဝမြေဆွေး ပြုလုပ်ရန်အတွက် မြင်းကောင်ရေအား (1.5 HP) Chaff Cutter စက်ကို အသုံးပြုကာ သစ်စိမ်းကုန်ကြမ်းများ ခုတ်စင်းနေမှု၊ မြင်းကောင်ရေအား (7.0 HP) Chipper Shredder စက်ကိုအသုံးပြုကာ ပြောင်းရိုးများခုတ်စင်းချေမွခြင်း ၊ ကောက်ရိုးစင်းစက် (Straw Reaper) ကို ထွန်စက်နှင့် ချိတ်ဆွဲ အသုံးပြုပုံများနှင့် မြေဆွေးမြေဩဇာများကို စိုက်ပျိုးမြေအတွင်း ဖြန့်ကျဲပေးသည့် မြေဩဇာ ကျဲပတ်ကိရိယာအသုံးချပုံများကို စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးသွားမည်ဖြစ်သည်။ ဆွေးနွေးပွဲကို စက်တင်ဘာ ၁၃ ရက်မှ  ၁၅ရက်အထိ ကျင်းပသွားမည် ဖြစ်ပြီး စာတွေ့လက်တွေ့ ဆွေးနွေးသင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်