ရန်ကုန် ဇန်နဝါရီ ၁၁

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ရန်ကင်းမြို့နယ်၊ ကံဘဲ့စည်ပင်အိမ်ရာဝင်းအတွင်း ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ဈေးရောင်းချနေမှု၊ ရန်ကင်းမြို့နယ်အတွင်း စံပြရပ်ကွက် အကောင်အထည်ဖော်နိုင်ရေး စီမံဆောင်ရွက်နေမှု၊ ရန်ကုန်မြို့တော်ခန်းမအတွင်း ရေဂါလန် (၁)သိန်းဆံ့ ရေစုကန် RC Ground Tank တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ရှေးဦးစွာ မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၆ နာရီခွဲတွင် ရန်ကင်းမြို့နယ်၊ (၈) ရပ်ကွက်၊ နှင်းဆီလမ်းရှိ ကံဘဲ့စည်ပင်အိမ်ရာဝင်းအတွင်း ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး၊ ပုဇွန် အမျိုးမျိုးတို့ကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန် ရောင်းချပေးနေမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များ လတ်ဆတ်စေရေး၊ အလေးချိန်ခွင် တိကျမှန်ကန်စေရေးနှင့် ဈေးရောင်း/ဈေးဝယ်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်ရန် ကြပ်မတ်ဆောင်ရွက်ရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် (၁၄)ရပ်ကွက်၊ အောင်ဇေယျလမ်းရှိ ရန်ကင်းမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်၍ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရန် စုဖွဲ့ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်သူများအတွက် ဝန်ဆောင်မှုပေးသောဌာနဖြစ်၍ အများပြည်သူ၏ ယုံကြည်ကိုးစားမှုရရှိစေရေးအတွက် လုပ်ငန်းများ လျင်မြန်သွက်လက် အောင်ဆောင်ရွက်ရန် မှာကြားသည်။

 

ဆက်လက်၍ မြို့နယ်အတွင်း စံပြရပ်ကွက် အကောင်အထည်ဖော် ဆောင်ရွက်ရေး (၁၅) ရပ်ကွက်အား  ဦးစွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရပ်ကွက်အတွင်းရှိ အခြေခံပညာကျောင်းများ သန့်ရှင်းစေရေး၊ ဘောက်ထော်ဘူတာရုံ ဈေးအတွင်း ဆိုင်ခန်းများ စနစ်တကျနေရာချထား ရောင်းချစေရေး၊  ရပ်ကွက်အတွင်း ရေစီးရေလာကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာသပ်ရပ်ရေးတို့ကို ဆောင်ရွက်ရန်၊ ရပ်ကွက်နေ ပြည်သူများအတွက် ရေ၊ မီး၊ မိလ္လာ၊ လမ်း စသည့် အခြေခံအဆောက်အအုံ လိုအပ်ချက်များအား ဖြည့်ဆည်းပေးပြီး လူမှုစီးပွားရေး အထောက်အကူပြုနိုင်ရေး ဆောင်ရွက်သွားရန်နှင့် စံပြရပ်ကွက်မှသည် မြို့နယ်၊ မြို့နယ်မှသည် ခရိုင်၊ တိုင်းဒေသကြီး အဆင့်ဆင့် ဖွံ့ဖြိုးလာစေရေး ဆောင်ရွက်ခြင်းဖြစ်၍ အားကြိုးမာန်တက် ဆောင်ရွက်ကြရန် မှာကြားသည်။

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ရန်ကုန်မြို့တော်ခန်းမအတွင်း အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)မှ ဆောင်ရွက်နေသော ရေဂါလန် (၁)သိန်းဆံ့ ရေစုကန် RC Ground Tank တည်ဆောက်နေမှု လုပ်ငန်းကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ (၄)၌ ကျင်းပပြုလုပ်သော ကွန်ပျူတာကျွမ်းကျင်မှု သင်တန်းအမှတ်စဉ်(၂၃) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်၍ မြို့တော်ဝန်က သင်တန်းဆင်းအမှာစကား ပြောကြားပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်းအောင် လက်မှတ်များပေးအပ် ချီးမြှင့်သည်။

 

သတင်းစဉ်