စဥ့်ကိုင် ၂၇ မေ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ်၊ စွန်ရဲကျေးရွာ၊ ဆုတောင်းပြည့် ဓမ္မာရုံတွင် ယမန်နေ့ ညနေ(၆)နာရီခွဲက မြို့နယ်ရဲတပ်ဖွဲ့ဝင်များမှ မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးရဲဗလညွန့်ဌေးနှင့် တပ်ဖွဲ့ဝင်များသည် မှုခင်းကျဆင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုအန္တရာယ်၊ သက်ငယ်မုဒိမ်းမှုမဖြစ်ပွားစေရေး မိဘ အုပ်ထိန်းသူများ သိသင့်သိထိုက်သည့်အချက်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာရမည့် အချက်များကိုအသီးသီးအသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာသော ကျေးရွာပြည်သူများမှ မှုခင်းကိစ္စရပ်များနှင့်ပတ်သက်၍ သိလိုသည်များမေးအမြန်းခဲ့ရာ ရဲမှူးရဲဗလညွန့်ဌေးမှ ပြန်လည်ဖြေကြားခဲ့ပြီး မှုခင်းကျဆင်းရေးနှင့်ပတ်သက်ပြီး မူးယစ်ဆေးဝါးအန္တရာယ်ကြောင့် မိမိတို့သားသီးများအားလည်း မူးယစ်ဆေးဝါး၏သားကောင်များ မဖြစ်စေရန်အတွက် ရဲတပ်ဖွဲ့ဝင်များအား သတင်းပေးကူညီဆောင်ရွက်ပေးကြပါရန် ပြောကြားခဲ့ကြောင်းသိရသည်။
ဝင်းဝင်းသန်း(ပြန်/ဆက်)