နေပြည်တော် ဖေဖော်ဝါရီ ၂၇
တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စိုက်ပျိုးရေးဦးစီးဌာန စွန့်ဦးလူငယ်ပညာရှင် များအဖွဲ့၏ (၆)ကြိမ်မြောက် စာတမ်းဖတ်ပွဲကို “နိုင်ငံ့စီးပွား မြှင့်တင်ဖို့ စိုက်ပျိုးပညာဖြန့်ဝေစို့” ခေါင်းစဉ်ဖြင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရုံးအမှတ်(၁၅)ရှိ စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စာတမ်းရှင်များနှင့် လေ့လာသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး ပြည်နယ်များမှ စာတမ်းရှင်များနှင့် လေ့လာသူများ က အွန်လိုင်းဖြင့် တက်ရောက် ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် သီးနှံများစိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာစေရေးအတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပဲတီစိမ်း၊ နွေစပါး၊ မိုးစပါးနှင့် ဆီထွက်သီးနှံ စီမံကိန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ စီမံခန့်ခွဲမှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက နည်းပညာများပေါင်းစပ် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဝါသီးနှံစိုက်ဧရိယာ တိုးချဲ့စိုက်ပျိုး ရေးနှင့် အထွက်နှုန်းတိုးတက်ရေး၊ ကော်ဖီသီးနှံစိုက်ဧရိယာ တိုးချဲ့စိုက်ပျိုးရေးတို့ကိုလည်း ဆောင်ရွက်သွား မည်ဖြစ်သည့်အတွက် လက်ရှိဆောင်ရွက်နေသည့် စီမံကိန်းများ၏ အားသာချက်၊ အားနည်းချက်များကို လူငယ်ပညာရှင်များအနေဖြင့် သုတေသနပြုပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းသွားကြရန် တိုက်တွန်းပါကြောင်း။
စပါး၊ အစေ့ထုတ် ပြောင်း၊ မြေပဲ၊ စသည့်သီးနှံများပါဝင်သော အဓိကသီးနှံ(၁၀)မျိုး၏ ပန်းတိုင်းအထွက် နှုန်းရရှိရေးအတွက် လိုအပ်သော မျိုးကောင်း မျိုးသန့်မျိုးစေ့များရရှိရေး၊ မြေဆီလွှာအာဟာရဓါတ် ကောင်းမွန်ရေး၊ သွင်းရေအလွယ်တကူ ရရှိနိုင်ရေး နှင့် သီးနှံအလိုက် အထွက်နှုန်းတိုးတက်ရေး နည်းပညာများ ကို တောင်သူများ လက်ဝယ်ရောက်ရှိရေးသာမက နည်းပညာများကို စနစ်တကျလိုက်ပါ ဆောင်ရွက် လာကြစေရန် လိုအပ်ချက်များကိုလေ့လာ၍ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားကြရမည် ဖြစ်သကဲ့သို့ နိုင်ငံ တကာမှ သုတေသနပြု ဖော်ထုတ်တွေ့ရှိချက်များ၊ မိမိတို့ကိုယ်တိုင် သုတေသနပြု ဖော်ထုတ်တွေ့ရှိ ချက်များကို တောင်သူများအသုံးပြုနိုင်သော လုပ်ငန်းစဉ်များဖြစ်စေရေး ဆောင်ရွက်သွားကြရန် လိုအပ် ကြောင်း၊ ယခု စာတမ်းဖတ်ပွဲမှရရှိလာသည့် အသိပညာ၊ ဗဟုသုတများကိုအခြေခံ၍ နိုင်ငံတော်၏ စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် လူငယ်ပညာရှင်များ အချင်းချင်း ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က စာတမ်းဖတ်ပွဲများ ကျင်းပပြုလုပ်ခဲ့မှုနှင့် စာတမ်းဖတ်ပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် စာတမ်းဖတ်ပွဲ ပထမနေ့ကို ဆက်လက်ကျင်းပရာ စာတမ်းရှင်များက သက်ဆိုင်ရာကဏ္ဍအလိုက် စာတမ်းများဖတ်ကြားတင်ပြကြသည်။
ဖေဖော်ဝါရီ (၂၇)ရက်မှ (၂၉)ရက်အထိ (၃)ရက်ကြာ ကျင်းပပြုလုပ်မည့် အဆိုပါစာတမ်း ဖတ်ပွဲတွင် စိုက်ပျိုးရေးဦးစီးဌာနရုံးချုပ် ဌာနခွဲများမှ စာတမ်း(၂၉)စောင်နှင့် တိုင်းဒေသကြီး ပြည်နယ်များမှ စာတမ်း (၃၁)စောင် စုစုပေါင်း စာတမ်းစောင်ရေ(၆၀) ဖတ်ကြားသွားမည်ဖြစ်သည်။
နေ့ကျင်းပသည့် (၆)ကြိမ်မြောက် စာတမ်းဖတ်ပွဲတွင် စိုက်ပျိုးရေး နည်းစနစ်ဆိုင်ရာ စာတမ်းများ၊ သီးနှံမျိုးကွဲ ဖွံ့ဖြိုးရေးဆိုင်ရာစာတမ်းများ၊ အပင်ဇီဝနည်းပညာဆိုင်ရာ စာတမ်းများ၊ မြေဆီလွှာနှင့်အပင်အာဟာရ ဖွံ့ဖြိုးရေးဆိုင်ရာစာတမ်းများ၊ စိုက်ပျိုးစီးပွားဆိုင်ရာဆိုင်ရာ စာတမ်းများ၊ သီးနှံကာကွယ်ရေးဆိုင်ရာ စာတမ်းများနှင့် မွေးမြူရေးဆိုင်ရာစာတမ်းများ ပါဝင်ကြောင်း၊ စိုက်ပျိုးရေးဒီပလိုမာဘွဲနှင့် စိုက်ပျိုးရေး သိပ္ပံဘွဲ့ရ ပညာရှင်များပါဝင်သော တက်သစ်စလူငယ်ပညာရှင်များ ဖတ်ကြားသော စာတမ်းများ၊ မဟာသိပ္ပံနှင့် ပါရဂူဘွဲ့ရ ပညာရှင်များပါဝင်သော အတွေ့အကြုံကောင်းရှိသည့် ပညာရှင်များဖတ်ကြားသည့် စာတမ်းများဟူ၍ အုပ်စုနှစ်ခုခွဲကာ အကောင်းဆုံးစာတမ်းများကို ဒုတိယတိုင်းဒေသကြီး ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနမှူးများဖြင့် ဖွဲ့စည်းထားသော အကဲဖြတ်အဖွဲ့က စိစစ်ရွေးချယ်ပြီး ထူးချွန်ဆုများ ချီးမြှင့်ပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)