စဉ့်ကိုင် စက်တင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ၊ စဉ့်ကိုင်မြို့နယ် မြတ်မင်းကြက်မွေးမြူရေးခြံနှင့် EABC အချိုရည်စက်ရုံ မှ ဝန်ထမ်းများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီက အဆိုပါစက်ရုံဝန်းအတွင်းရှိ ခန်းမဆောင်တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိမ့်အိသူ (ပြည်သူ့ကျန်းမာ)နှင့် ဒေါက်တာသက်ကိုကိုလွင် ( ရောဂါနှိမ်နင်းရေး ) တို့က ဦးဆောင်၍ ကျန်းမားရေးဝန်ထမ်းများ၊ စက်ရုံမှတာဝန်ရှိသူများ ပူးပေါင်း၍ ဝန်ထမ်းများအား ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်းချိန်တိုင်းတာခြင်း၊ ကာကွယ်ဆေးထိုးပြီးလျှင် ဆေးနှင့်ဓာတ်မတည့်ခြင်း၊ ဘေးထွက်ဆိုးကျိုးလက္ခဏာများ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ချက်ချင်းအရေးပေါ်တုံ့ပြန်နိုင်ရန်အတွက် စောင့်ကြပ်ကြည့်ရှုပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်အတွင်းရှိ၊ ဆရာတော်သံဃာတော်များ၊ သီလရှင်များ၊ အသက် (၆၅)နှစ် အထက်အဘိုး၊ အဘွားများ ၊ နိုင်ငံ့ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပရဟိတအသင်းဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ ၊ စက်ရုံ၊ အလုပ်ရုံမှဝန်ထမ်းများအား ကာကွယ်ဆေးများထိုးနှံပေးခဲ့ရာ စက်တင်ဘာ(၁၅)ရက်အထိ စုစုပေါင်း(၄၁၅၀)ထိုးနှံပေးခဲ့ပြီး ကျန်ရှိနေသူများအားလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံက သိရသည်။
ဝင်းဝင်းသန်း(စဉ့်ကိုင်)


