စဉ့်ကိုင်   စက်တင်ဘာ  ၁၆

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ၊ စဉ့်ကိုင်မြို့နယ်  မြတ်မင်းကြက်မွေးမြူရေးခြံနှင့်   EABC အချိုရည်စက်ရုံ  မှ   ဝန်ထမ်းများအား  ကိုဗစ် - ၁၉  ရောဂါကာကွယ်ဆေး  ဒုတိယအကြိမ်   ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီက  အဆိုပါစက်ရုံဝန်းအတွင်းရှိ ခန်းမဆောင်တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

           

အဆိုပါ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊  ဒုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး  ဒေါက်တာသိမ့်အိသူ (ပြည်သူ့ကျန်းမာ)နှင့် ဒေါက်တာသက်ကိုကိုလွင်  ( ရောဂါနှိမ်နင်းရေး ) တို့က ဦးဆောင်၍ ကျန်းမားရေးဝန်ထမ်းများ၊ စက်ရုံမှတာဝန်ရှိသူများ ပူးပေါင်း၍ ဝန်ထမ်းများအား ကာကွယ်ဆေး   ထိုးနှံပေးရာတွင်  ကျန်းမာရေးဝန်ကြီးဌာနက  ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်းချိန်တိုင်းတာခြင်း၊ ကာကွယ်ဆေးထိုးပြီးလျှင် ဆေးနှင့်ဓာတ်မတည့်ခြင်း၊ ဘေးထွက်ဆိုးကျိုးလက္ခဏာများ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ချက်ချင်းအရေးပေါ်တုံ့ပြန်နိုင်ရန်အတွက် စောင့်ကြပ်ကြည့်ရှုပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           

စဉ့်ကိုင်မြို့နယ်အတွင်းရှိ၊  ဆရာတော်သံဃာတော်များ၊  သီလရှင်များ၊  အသက် (၆၅)နှစ် အထက်အဘိုး၊ အဘွားများ ၊ နိုင်ငံ့ဝန်ထမ်းများ၊  မိသားစုဝင်များ၊   ပရဟိတအသင်းဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ ၊   စက်ရုံ၊ အလုပ်ရုံမှဝန်ထမ်းများအား ကာကွယ်ဆေးများထိုးနှံပေးခဲ့ရာ စက်တင်ဘာ(၁၅)ရက်အထိ စုစုပေါင်း(၄၁၅၀)ထိုးနှံပေးခဲ့ပြီး ကျန်ရှိနေသူများအားလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံက သိရသည်။

 

ဝင်းဝင်းသန်း(စဉ့်ကိုင်)