စဉ့်ကိုင် ၆ ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်တွင် ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံးကာကွယ်ဆေးသောက်ပေးရေး အသိပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

 

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကြည်မို့မို့လွင်က ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးတိုက်ကျွေးရာတွင် ပြည်သူများအားဆေး၏ အကျိုးကျေးဇူးရှိပုံနှင့်  ဆေးသောက်ရာတွင် ဖြစ်တတ်သော လက္ခဏာများကို ပြည်သူများအား အသိပညာပေးဆွေးနွေးသွားရန်နှင့် လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်များနှင့် ဝိုင်းဝန်းဆောင်ရွက်နိုင်ရေး နည်းလမ်းများကို  ပြောကြားခဲ့သည်။

 

ထို့နောက် မြို့နယ်ကုသရေးမှူး ဒေါက်တာအေးလွင်က လာမည့်(၂၀၂၅)ခုနှစ်တွင် တစ်နိုင်ငံလုံး ဆင်ခြေထောက် ရောဂါကင်းဝေးရေးအတွက် ရည်ရွယ်၍ တိုက်ကျွေးသွားမည်ဖြစ်ကြောင်းနှင့် ရပ်ကွက်/ကျေးရွာများတွင် ပြည်သူများအား ဆင်ခြေထောက်ရောဂါနှင့်   သန်ချဆေးများ တိုက်ကျွေးရာတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်၍ ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာယုဝေက  ဆင်ခြေထောက်ရောဂါဖြစ်ပွားနိုင်သည့် အခြေအနေများ၊ ဖြစ်ပွားတတ်သော ရောဂါလက္ခဏာများ၊ ဆောင်ရန်၊ ရှောင်ရန်များနှင့် ကျန်းမာရေးဝန်ထမ်းများက ဇူလိုင်(၈)ရက်နေ့မှဇူလိုင်(၁၇)ရက်နေ့အထိ ဆင်ခြေထောက်ရောဂါကင်းဝေးစေရေး လူတိုင်းစေ့တိုက်ကျွေးသွားမည့် စီမံချက်များကို    ရှင်းလင်းပြောကြားခဲ့သည်။

 

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကြည်မို့မို့လွင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးမှူးဦးဇော်မင်းဆင့်နှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများတက်ရောက်ခဲ့ကြရာ တက်ရောက်လာသူများအား ဆင်ခြေထောက်ရောဂါကင်းဝေးရေး  အသိပညာပေးလုပ်ငန်းလမ်းညွှန် စီမံချက်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ဝင်းဝင်းသန်း(စဉ့်ကိုင် မြို့နယ်ပြန်/ဆက်)