စဉ့်ကိုင် ၂၆ ဩဂုတ်

 

ကိုဗစ်-၁၉ ရောဂါကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် မိုးစပါး စိုက်ပျိုးရာသီအတွက် မျိုးစေ့ထုတ် တောင်သူများအား မျိုးစေ့ဖိုးနှင့် စိုက်ပျိုးစရိတ်ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ညောင်ပင်ကြီး နည်းပညာပေးစင်တာတွင် ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးတိုးမင်းက တောင်သူများအား မိုးစပါးစိုက်ပျိုးရာသီအတွက် မျိုးစေ့ထုတ်ယူသုံးစွဲရန် ထောက်ပံ့ပေးအပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးအောင်နိုင်လင်းက ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါကာလအတွင်း စီးပွားရေးအခက်အခဲများ ဖြစ်ပေါ်နေချိန်တွင် နိုင်ငံတော်မှ နည်းလမ်းအမျိုးမျိုးဖြင့် ထောက်ပံ့ပေးအပ်လျက်ရှိပြီး ယခုအခါ တောင်သူများအတွက် စိုက်ပျိုးစရိတ်သက်သာစေရန် CERP အစီအစဉ်အရ ဌာနဆိုင်ရာအသီးသီးမှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ရှိ စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်နိုင်ရန် ထောက်ပံ့ပေးအပ်ရာတွင် စနစ်တကျ မျိုးကောင်းမျိုးသန့်များ ရရှိရေးအတွက် ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။

 

အဆိုပါထောက်ပံ့ပေးအပ်ပွဲတွင် တောင်သူ ၉၁ ဦးအား စိုက်ပျိုးစရိတ် မျိုးခွဲထုတ်ပယ်ခြင်း၊ မျိုးသန့်စင်ခြင်းများအတွက် ကုန်ကျစရိတ် တစ်ဧကလျှင် ၁၅၀၅၀၀ ကျပ်နှုန်းဖြင့် မိုးစပါးစိုက်ဧက ၃၈၂ ဧကအတွက် ငွေကျပ် စုစုပေါင်း ၅၇၄၉၁၀၀၀ ကို တာဝန်ရှိသူအသီးသီးမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)