စဉ့်ကူး သြဂုတ် ၃၀
မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ် ကျွန်းဦးကျေးရွာ၌ ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာရေရရှိ ရေးကော်မတီသို့ ဩဂုတ် ၂၉ ရက်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးလက်ရေရရှိရေးလုပ်ငန်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးခွင့်ပြု ရန်ပုံငွေကျပ် (၉.၃၇၇) သန်းဖြင့် ကျွန်းဦးကျေးရွာတွင် စက်ရေတွင်း အနက် (၁၈၀) ပေ၊ ဂါလံ ၂၀၀၀ ဆံ့ ရေစုကန်နှင့် အလျား ၁၀ ပေ အနံ ၈ ပေ အမြင့် ၈ ပေရှိ ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ယခုအခါ လုပ်ငန်းများရာနှုန်းပြည့် ပြီးစီးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကျေးလက်ရေရရှိရေးလုပ်ငန်းများ ပြီးစီးခဲ့သဖြင့် ကျွန်းဦးကျေးရွာရှိ အိမ်ခြေ(၁၀၄)အိမ်၊ လူဦးရေ (၅၀၈)ဦးနှင့် တိရစ္ဆာန်များအတွက် ရာသီမရွေး သောက်သုံးရေသုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)