လောက်ကိုင် ၉ အောက်တိုဘာ      

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့နှင့် ဒေသတွင်းရှိ လုပ်ငန်းရှင်များ၊ ဒေသခံတိုင်းရင်းသားများ စုပေါင်း၍  လက်ရှိ ဖြစ်ပွားလျက်ရှိသည့် COVID-19 ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ကျပ်သိန်း ၃၅၀၀ နှင့် လူနာတင်ယာဉ် ၃ စီးကို သက်ဆိုင်ရာများသို့ အသီးသီးပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထိုသို့ ပေးအပ်လှူဒါန်းရာတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့နှင့် ဒေသတွင်းရှိ လုပ်ငန်းရှင်များ ၊ ဒေသခံတိုင်းရင်းသားများက  မြန်မာနိုင်ငံတွင်းရှိ COVID-19 ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ကျပ်သိန်း ၁၀၀၀ ကို COVID-19 ကာကွယ် ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့လည်းကောင်း၊ တပ်မတော်(ကြည်း၊ ရေ ၊ လေ )သို့ ကျပ်သိန်း ၁၀၀၀ ကို လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ကျပ်သိန်း ၅၀၀ ကိုလည်းကောင်း ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်သို့ ကျပ်သိန်း ၄၀၀ ကို လည်းကောင်း၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)နှင့် ရှေ့တန်းစစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်များသို့ ကျပ်သိန်း ၆၀၀ ကိုလည်းကောင်း  စုစုပေါင်း ကျပ်သိန်း ၃၅၀၀ ပေးအပ်လှူဒါန်းခဲ့ကြသည်။

 

ထို့နောက်  ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်းရှိ လောက်ကိုင်မြို့နယ် ၊ ကုန်းကြမ်းမြို့နယ်နှင့် ချင်းရွှေဟော်မြို့တို့ရှိ ပြည်သူ့ဆေးရုံများတွင် လိုအပ်သည် များ အသုံးပြုနိုင်ရန်အတွက် လူနာတင်ယာဉ် တစ်စီးစီ အသီးသီး ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဇော်ဇော်အောင် (ပြန်/ဆက်)