ပုသိမ် ၁၇ ဩဂုတ်

 

COVID-19 ကာလအတွင်း နိုင်ငံတော်မှထောက်ပံ့ပေးသည့် CERP အစီအစဉ်အရ ငါးမွေး တောင်သူများအား ငါးသားပေါက်များ အခမဲ့ထောက်ပံ့ပေးအပ်ပွဲကို ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဩဂုတ် ၁၇ ရက် နံနက် ၈ နာရီခွဲတွင် ကျင်းပသည်။

 

mdn

 

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးစောအောင်ရဲထွဋ်လွင်မှ အမှာစကား ပြောကြားရာတွင် CERP အစီအစဉ်အရ တိုင်းဒေသကြီးအတွင်းရှိ ငါးမွေးကန် ဧကတစ်သိန်း နှစ်သောင်းကျော် ငါးမွေးမြူသူ ၄၆၀ဝ ကျော်ကို ပထမအသုတ်အနေဖြင့် တစ်ဧကကို ငါးသား ပေါက်ကောင်ရေ ၂၀ဝ၀၊ တစ်ကောင်ကို ၂၀ ကျပ်နှုန်း၊ တစ်ဧကကို ၄၀ဝ၀ဝ ကျပ်နှုန်း ထောက်ပံ့ ပေးအပ်သော အခမ်းအနားဖြစ်ကြောင်း၊ နိုင်ငံတော်မှ ငွေလုံးငွေရင်းခွင့်ပြုငွေကျပ် သိန်း ၂၁၀ဝ၀ ချပေးထားပြီး ပထမအသုတ်အနေဖြင့် ကန်ငယ်များကို ဦးစားပေးထုတ်ပေးခြင်း ဖြစ်ကြောင်းနှင့် ယခု ပုသိမ်ငါးလုပ်ငန်းစခန်းမှာ ဒုတိယအကြိမ် ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

တိုင်းဒေသကြီးအတွင်းရှိ ငါးမွေးကန်ငယ်များမှ ငါးသားပေါက် လာရောက်ထုတ်ယူကြသည့် ငါးမွေး တောင်သူများကို တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးစောအောင်ရဲထွဋ်လွင်၊ ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးစိုးသိန်း၊ ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးယောမင်းထွန်းတို့က ငါးသားပေါက်များ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

ဦးမြင့်ဟန် (ပြန်/ဆက်)