ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

ကြေညာချက်အမှတ် (၂/၂၀၂၀) ၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၁၄ ရက်

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၃ ရက်

၁။ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်သော Coronavirus Disease 2019 (COVD-19)ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးကော်မတီ၏အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၀) ၏ဆုံးဖြတ်ချက်အရ CoVD-19 ကြောင့်ထိခိုက်နစ်နာမှုရှိနေသော လုပ်ငန်းများအား ဘဏ္ဍာရေးဆိုင်ရာ အကူအညီ ဆက်လက်ပေးအပ်နိုင်ရေးအတွက် နိုင်ငံတော်မှ COVID-19 Fund သို့ ကျပ် (၁၀၀) ဘီလီယံ ထပ်မံ ဖြည့်တင်းပေးမည်ဖြစ်ပါသည်။

၂။ သို့ဖြစ်၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်အရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနသည် အောက်ပါတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါသည် -

(က) ပြည်ထောင်စု၏ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် အထွေထွေပိုလျှံရန်ပုံငွေမှ ကျပ် (၁၅၀)ဘီလီယံကို အောက်ပါအတိုင်း လွှဲပြောင်းထုတ်ပေးပါမည်

     (၁) COVID-19 Fund သို့ ကျပ် (၁၀၀) ဘီလီယံ ဖြည့်တင်းရန်၊

     (၂) COVID-19 Fund စတင် တည်ထောင်စဉ်က ထည့်ဝင်ထားသောလူမှုဖူလုံရေးအဖွဲ့ရန်ပုံငွေမှ ကျပ် (၅၀)  ဘီလီယံကို လူမှုဖူလုံရေးအဖွဲ့ရန်ပုံငွေသို့ ပြန်လည်ပေးအပ်ရန်၊

(ခ) COVID -19 Fund သို့ ဖြည့်တင်းပေးရာတွင် ကျပ် (၁၀၀) ဘီလီယံ ကို (၃) ကြိမ် ခွဲ၍ ပထမအကြိမ် ကျပ် (၃၅) ဘီလီယံ၊ ဒုတိယအကြိမ် ကျပ် (၃၅) ဘီလီယံ၊ တတိယအကြိမ် ကျပ် (၃၀) ဘီလီယံ ဖြည့်တင်းပေးမည် ဖြစ်ပါသည်။

 

၃။ COVID-19 Fund မှ ဆက်လက်ထုတ်ချေးမည့် ချေးငွေများအတွက် ချေးငွေလျှောက်ထားနိုင်သည့် လုပ်ငန်းအမျိုးအစားများ၊ ချေးငွေအတိုးနှုန်းနှင့် ချေးငွေသက်တမ်း စသည့် ချေးငွေစည်းကမ်း သတ်မှတ်ချက်များကို Coronavirus Disease 2019 (CovID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးကော်မတီက ထုတ်ပြန်ကြေညာမည်ဖြစ်ပါသည်။