မြင်းမူ ၆  ဇူလိုင် 

 

COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများ မဖြစ်ပေါ်စေရေးနှင့် စီးပွားရေး ထိခိုက်မှုများ သက်သာရေး (CERP)စီမံချက်ဖြင့် စစ်ကိုင်းခရိုင်၊   မြင်းမူမြို့   မွေးမြုရေးနှင့်ကုသရေးဦးစီးဌာနမှ (ယနေ့)  ဇူလိုင်လ  ( ၆ )ရက်နေ့မှစတင်ကာ ကျေးရွာအသီးသီးတွင် မွေးမြူရေးနှင့်ကုသရေးဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်သင်ကြားပေး နေပြီဖြစ်ကြောင်း သိရှိရသည်။

 

ယနေ့ဆိပ်သာ ကျေးရွာတွင် ဝက်မြူရေးသင်တန်းနှင့် ပဲကူကျေးရွာတွင် မေထုန်မဲ့ သားစပ်နည်း သင်တန်းကို စတင်ဖွင့်လှစ် သင်ကြားပေးလျှက်ရှိကြောင်း၊ တစ်ကြိမ်လျှင် သင်တန်းသား(၂၀) ဖြင့် (၃)ရက် သင်ကြားပို့ချ ပေးမည်ဖြစ်ကြောင်း သင်တန်းသင်ကြားရာတွင်လည်း social distancing ဖြစ်စေရန်အတွက် နေရာများရွေးချယ်ပြီး စနစ်တကျ သင်ကြားပေးမည်ဖြစ်ပါကြောင်း သိရသည်။

 

ထို့အပြင် သင်တန်းသားရွေးချယ်မှုအပိုင်းအနေဖြင့် အမှန်တကယ်မွေးမြူရေးလုပ်ကိုင်နေသူများ မွေးမြူရေးကို အမှန်တစ်ကယ် စိတ်ဝင်စားသူများကို ရွေးချယ်ပါကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန မြို့နယ်ဦးစီးမှုး ဒေါက်တာမြင့်မြင့်ဌေး၏ ပြောပြချက်အရ သိရှိရသည်။

 

သင်တန်းများအနေဖြင့် ကျွဲနွားမွေးမြူရေး၊သိုး/ဆိတ်မွေးမြူရေး၊ ဝက်မွေးမြူရေး၊ ကြက်မွေးမြူရေး၊ မေထုန်မဲ့ သားစပ်ခြင်းနှင့် တိရိစ္ဆာန်များ ကျန်းမာရေးစောင့်ရှောက်မှုသင်တန်းများကို  ဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်ကာ  မြင်းမူမြို့နယ်အတွင်းရှိ ကျေးရွာ(၃၀)မှ သင်တန်းသား (၆၀ဝ)ကို သင်တန်း တစ်ကြိမ်လျှင် သင်တန်းသား (၂၀) နှုန်းဖြင့်ရက်(၉၀)ကြာ စက်တင်ဘာလ(၁၅)ရက်ထိ သင်ကြားမည် ဖြစ်ကြောင်းနှင့်  သင်တန်းသားများအတွက် သင်တန်းနေ့တွက်စရိတ်၊ စာရေးကိရိယာနှင့် စားစရိတ်အဖြစ်  တစ်ဦးလျှင် ငွေကျပ်(၈၀ဝ၀)နှုန်းထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

အောင်စိုးဖေ (မြင်းမူ)