မန္တလေး  ၃၀  စက်တင်ဘာ

Covid-19 ရောဂါ ထိန်းချုပ်ကုသရေးအတွက် ပိုးတွေ့လူနာများနှင့် ထိတွေ့ဆက်စပ်မိသူများထားရှိရန် မြန်မာ့ဘောလုံး အကယ်ဒမီ(မန္တလေး)အား Covid-19 ကုသရေး ဧရာဝတီစင်တာအဖြစ် ထားရှိရန် ပြင်ဆင်ဆောင်ရွက်နေမှုများအား စက်တင်ဘာ ၂၉ ရက် နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးသည်။

 

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧရာဝတီစင်တာသို့ ရောက်ရှိလာရာ တိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်၊ မြန်မာ့ဘောလုံး အကယ်ဒမီ ကျောင်းအုပ်ကြီး ဦးစိုးညွန့်နှင့် တာဝန်ရှိသူများက ဧရာဝတီစင်တာတွင် ပိုးတွေ့လူနာများနှင့် ထိတွေ့ဆက်စပ်သူ ဦးရေ ၁၀၀ ထားရှိနိုင်ရေး အခန်းများ ဖွဲ့စည်းပြင်ဆင်မှုနှင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ လိုအပ်မှုတို့ကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လိုအပ်ချက်များ ဖြည့်ဆည်းပေးရန် မှာကြားခဲ့သည်။

 

မန္တလေးတိုင်းဒေသကြီး Covid-19 ရောဂါ ကာကွယ် ကုသထိန်းချုပ်ရေးအတွက် ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်ရှိ ဆေးရုံကိုလည်း ပိုးတွေ့လူနာ ၄၀ လက်ခံကုသပေးနိုင်ရန် ထပ်မံတိုးချဲ့ပြင်ဆင်ထားကြောင်း သိရသည်။

 မောင်ပြည်သူ(မန္တလေး)