စစ်ကိုင်း  ၈   စက်တင်ဘာ 

 

မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် ဖြစ်ပေါ်နေသော COVID-19 ရောဂါအခြေအနေများကြောင့် စစ်ကိုင်းမြို့ဝင်/ထွက်ဂိတ်များတွင် COVID-19 ရောဂါ  ပြန့်ပွားမှုမရှိစေရန်နှင့် ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် စစ်ဆေးရေးဂိတ်များကို  ဩဂုတ် ၂၃ ရက်မှစ၍ ပြန်လည် ထားရှိခဲ့ကာ ရောဂါထိန်းချုပ်ကာကွယ်နိုင်ရေး အရှိန်အဟုန်မြှင့်ကာ ဆက်လက်စစ်ဆေးကြပ်မတ် ဆောင်ရွက်နေကြောင်း သိရသည်။

 

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံတွင် ပြည်တွင်း COVID-19 ရောဂါအခြေအနေများကြောင့် ရောဂါပြန့်ပွားမှုမရှိစေရန် ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် အဝေးပြေးဖြတ်သန်းသွားသည့် မော်တော်ယာဉ်များမှအပ မြို့တွင်းသို့ လာရောက်သည့် အဝင်/ထွက်ကားများကို  အဆိုပါဂိတ်မှ အပူချိန်တိုင်းတာခြင်း၊ သွားလိုသူ၏ လိပ်စာများမေးမြန်းခြင်း၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ မေးမြန်းခြင်းများ ပြုလုပ်ပေးကာ အထူးကြပ်မတ်စစ်ဆေးလျက်ရှိသည်။

 

Coronavirus Disease 2019 (COVID-19)  ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ ဖြစ်သည့်   မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှ (၂)ဦး၊ မြို့နယ်ရဲ တပ်ဖွဲ့မှ(၂)ဦး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ (၁)ဦး၊ ကျန်းမာရေးမှ (၂)ဦး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ(၂)ဦး၊ မြို့နယ်ကြက်ခြေနီမှ(၂)ဦးတို့ ပါဝင်သည့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က (၂၄)နာရီ အလှည့်ကျစနစ်ဖြင့် စစ်ဆေးကြပ်မတ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

 

မျိုးဝင်း(ပြန်/ဆက်)