ကော့သောင်း ၁၄ စက်တင်ဘာ
ပြည်တွင်းကူးစက်မှုများ မြင့်တက်လာနေသည့် COVID-19 ရောဂါ ကော့သောင်းမြို့တွင်ကူးစက် ပြန့်ပွားမှုမရှိစေရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ရေးလုပ်ငန်းများ ဝိုင်းဝန်းပါဝင်ပူးပေါင်း ဆောင်ရွက်မှုအဖြစ် ကော့သောင်းခရိုင် ဧည့်လမ်းညွှန်အသင်းနှင့် ခရီးသွားလုပ်ငန်းရှင်များစုပေါင်းကာ စက်တင်ဘာ ၁၄ ရက်နေ့ နံနက်ပိုင်းက မြို့နေပြည်သူတွေကို ပါစပ်နှာခေါင်းစည်းများ လိုက်လံဝေငှပေးသည့် ကမ်းပိန်းလှုပ်ရှားမှု ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ကမ္ဘာနဲ့အဝှမ်းအခက်အခဲတွေဖြစ်ပေါ်ကြရတယ်၊ ကျောင်းသား/ကျောင်းသူတွေလည်း ပညာမသင်ကြရတောဘူး၊ လုပ်ငန်းတော်တော်များများလည်း ရပ်ဆိုင်းကုန်တယ်၊ အထူးသဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးနေတဲ့ကျနော်တို့ကော့သောင်းမြို့မှာဆို ဆုံးရှူံးနစ်နာမှုတွေဖြစ်ကြရပါတယ် အထူးသဖြင့် ကျနော်တို့ လုပ်ငန်းတွေဖြစ်တဲ့ ခရီးသွားလုပ်ငန်းအပါအဝင် ဆက်စပ်နေတဲ့ လုပ်ငန်းတွေတော်တော်များများ ရပ်ဆိုင်းကုန်တယ် ဒါကြောင့် ဒီရောဂါထိန်းချုပ်ရေးလုပ်ငန်းတွေမှာ ကျနော်တို့လုပ်ငန်းရှင်တွေ တာဝန်ရှိအဖွဲ့အစည်းတွေနဲ့အတူ အင်တိုက်အားတိုက်ပါဝင်ဆောင်ရွက်ပေးကြဖို့ ဆုံးဖြတ်ချက် ချထားကြောင်း ကော့သောင်းခရိုင် ဧည့်လမ်းညွှန်အသင်းဥက္ကဋ္ဌ ဦးသီဟစိုး ကပြောသည်။
ယနေ့လှုပ်ရှားမှုအဖြစ် ခရီးသွားလုပ်ငန်းရှင်များစုပေါင်းကာ ရောဂါထိန်းချုပ်ရေး မြို့နေပြည်သူများကို ကျန်းမာရေးအသိသတိရှိကြဖို့၊ ရောဂါကူးစက်မှု မဖြစ်ပွားရေး အပြင်ထွက်ပါက ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်ကြဖို့၊ လက်များကိုမကြာခဏဆေးကြောကြရန်ပညာပေးခြင်း စသည့် လုပ်ငန်းများကိုဆောင်ရွက်ခြင်းအပြင် လမ်းသွားလမ်းလာများကို ပါးစပ်နှာခေါင်းစည်း ၁၂၀၀ ကျော်ခန့်ကို လှုပ်ရှားမှုကမ်းပိန်းအသွင်နဲ့ ဝေငှတပ်ဆင်ပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)


