ဟားခါး ၇ စက်တင်ဘာ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ပြင်ပလူနာများနှင့် ခွဲစိတ်ကုသလူနာများအား COVID-19 ရောဂါပိုး ကူးစက်ပြန့်ပွားမှုများကို အချိန်မီ တားဆီးကာကွယ်နိုင်ရေးအတွက် ကြိုတင်အသိပေးလျက်ရှိကြောင်း သိရသည်။

 

ဟားခါးပြည်သူ့ဆေးရုံကြီး၌ အရေးကြီးသောခွဲစိတ်ကုသမှုများနှင့် အရေးပေါ်ခွဲစိတ်ကုသမှုများကိုသာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အရေးမကြီးသော (Elective Operation) အသက်အန္တရာယ်မပေးသည့် ခွဲစိတ်မှုများအား ရက်ရွှေ့ဆိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြင်ပလူနာများ အုပ်စုလိုက် ဖြစ်ပေါ်မှုကို အတက်နိုင်ဆုံး လျော့နည်းစေရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူလူထုအတွင်း ရောဂါပိုးရှိ/မရှိ ကြိုတင်မသိရှိနိုင်သည့်အတွက် ကျန်းမာရေးဝန်ထမ်းများ ထိခိုက်မှုမရှိစေရေး အထူးဂရုစိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ ဟားခါးပြည်သူ့ဆေးရုံကြီးအနေဖြင့် ၂၄ နာရီ ပြင်ပလူနာများအား စောင့်ကြည့်စစ်ဆေးပေးလျက်ရှိကြောင်း ချင်းပြည်နယ် ပြည်နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဇင်ကိုကိုအောင်ထံမှ သိရသည်။

 

ခရိုင် (ပြန်/ဆက်)