ဝါးခယ်မ ၂၁ ဩဂုတ်

 

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်အတွင်းမှ ဒေသခံတောင်သူလယ်သမားများ၏ စပါခင်းများ အထွက်နှုန်း မြင့်မားစေရေးနှင့် စပါးဖျက်ပိုး ကျရောက်မှု လျော့နည်းစေရေးအတွက် ယနေ့နံနက် ၉ နာရီက အူကျွန်းကျေးရွာ တောင်သူဦးဘမြင့်၏ ပေါ်ဆန်းရင် မျိုးသန့်ထုတ်စိုက်ခင်းတွင် ထရိုင်ဂို ဂရားမား ဥကပ်ပါးနဂျီ လွှတ်ခြင်း သရုပ်ပြပွဲကို ပြုလုပ်ခဲ့သည်။

 

ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချစ်ကိုနိုင် ဦးဆောင်ပြီး ဝန်ထမ်းများက စပါးခင်းအတွင်း ထရိုင်ဂို ဂရားမား ဥကပ်ပါးနဂျီများ လွှတ်ပေးခဲ့ကြောင်း၊ တက်ရောက် လာသော အူကျွန်း၊ ကျွန်းကုန်း၊ ဝဲကြီးကျေးရွာများမှ တောင်သူများအား ထရိုင်ဂို ဂရားမား ဥကပ်ပါးနဂျီ လွှတ်ပေးခြင်းဖြင့်ရရှိနိုင်မည့် အကျိုးကျေးဇူးများကို မြို့နယ်ဦးစီးမှူးက ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ထရိုင်ဂိုဂရားမား ဥကပ်ပါးနဂျီ လွှတ်ပေးခြင်းဖြင့် စပါးခင်းများအတွင်း ကျရောက်လေ့ရှိသည့် စပါးဖျက်ပိုးများဖြစ်သော ဆစ်ပိုး၊ ရွက်လိပ်အိမ်ပိုး၊ ရွက်စားပိုး၊ ခူမွှေးရှည်စသည့် ပိုးမွှားများအား ဇီဝနည်းဖြင့် နှိမ်နင်းနိုင်ကြောင်းနှင့် တောင်သူလယ်သမားများ၏ စပါးခင်းများ ပိုးကျရောက်မှု လျော့နည်းစေခြင်း၊ အထွက်နှုန်းများ တိုးလာစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးဦးချစ်ကိုနိုင်၏ ပြောပြချက်အရ သိရသည်။

 

လွှမ်းသီဟ(ပြန်/ဆက်)