မကွေး ၁၇ သြဂုတ်

 

နိုင်ငံတော်၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ စပါးမျိုးစေ့ဖိုးနှင့် စိုက်ပျိုးစရိတ်ထောက်ပံ့မှုကို မကွေးမြို့နယ်၌ ပထမဦးဆုံးအကြိမ်အဖြစ် စတင်လိုက်ပြီဖြစ်ကြောင်း မကွေးတိုင်းစိုက်ပျိုးရေးဦးစီးဌာနက သိရသည်။

 

မြင်ကွန်းကျေးရွာမှ တောင်သူ (၄၀)လုပ်ကိုင်သော စပါးမျိုးစေ့ထုတ်စိုက်ဧက (၈၅)ဧကအတွက် ထောက်ပံ့မှုကို သြဂုတ် ၁၆ ရက်က အဆိုပါကျေးရွာ၌ ပြုလုပ်ခဲ့သည်။

 

“မျိုးစေ့ဖိုး၊ မြေပြင်ပျိုးထောင် စိုက်ပျိုးစရိတ်၊ မျိုးခွဲနုတ်ပယ်စရိတ်၊ ရိတ်သိမ်းသိုလှောင်စရိတ်တွေအတွက် တစ်ဧကကို ၁၄၀၀၀၀ ပေးမှာပါ။ တိုင်းအတွင်းက မျိုးစေ့ထုတ်ဧက ၉၀၀၀ ကျော်အတွက် ငွေကျပ် သိန်း ၁၃၀၀၀ ထောက်ပံ့ပေးသွားမှာပါ” ဟု စိုက်ပျိုးရေးဦးစီးဌာန မကွေးတိုင်းဦးစီးမှူး ဦးလင်းမြတ်က ပြောသည်။

 

နိုင်ငံတော်၏ထောက်ပံ့မှုမှာ သွင်းအားစုစရိတ်အတွက် အတိုင်းအတာတစ်ခုအထိ အထောက်အပံ့ဖြစ်ကြောင်း မြင်ကွန်းကျေးရွာနေ တောင်သူ ကျော်ငြိမ်းက ဆိုသည်။

 

ယခုနှစ်မိုးရာသီတွင် မကွေးတိုင်း၌ မိုးစပါးစိုက်ဧက ၆၃၀၀၀၀ ခန့်လျာထားစိုက်ပျိုးလျက်ရှိပြီး ယခုထောက်ပံ့မှုမှာ စပါးမျိုးစေ့ထုတ် တောင်သူများအတွက်သာ သီးခြားထောက်ပံ့ခြင်းဖြစ်ကြောင်း မကွေးတိုင်းစိုက်ပျိုးရေးဦးစီးဌာနက သိရသည်။

 

ဇေယျတု(မကွေး)

 

mdn