ပဲခူး ဇူလိုင် ၂၅
စပါးနှင့် ဆီထွက်သီးနှံများစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းပြီး ရက်တိုသည့်မျိုး ကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရန် လိုအပ်ကြောင်း၊ လယ်မြေများတွင် မြေလွတ်မြေလပ် မရှိ စိုက်ပျိုးသွားရန်နှင့် နွေစပါးစိုက်ပျိုး၍ မရသည့်နေရာများတွင် စားဖိုဆောင်သီးနှံများ စိုက်ပျိုးသွားကြရမည်ကြောင်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျင်းပသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၉/၂၀၂၂) တွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် မျိုးကောင်းမျိုးသန့် ရရှိရေး၊ စိုက်ပျိုးရေ လုံလောက်စွာရရှိရေး၊ စိုက်ပျိုးနည်းစနစ် သရုပ်ပြခြင်းနှင့် သွင်းအားစုများ အချိန်မီရရှိရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တစ်နှစ် (၃) သီး တိုးချဲ့စိုက်ပျိုးမည့် နေရာများတွင် စိုက်ပျိုးသီးနှံအလိုက် အချိန်မီစိုက်ပျိုးရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ရာတွင် လက်တွေ့သရုပ်ပြသမှုများ ကျယ်ပြန့်စွာ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နွားမွေးမြူသူများနှင့် ချိတ်ဆက်၍ နေဗီယာမြက် စိုက်ပျိုးနိုင်ရေး စည်းရုံး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မြို့နယ်အလိုက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံချက်များ ကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ က အကြံပြုဆွေးနွေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်