ညောင်ဦး ၂၆ နိုဝင်ဘာ
မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ်အထက်ညဉ့်ကျေးရွာနှင့် ကန်တောကျေးရွာတို့တွင် တောင်သူများ မြစ်ရေတင်စနစ်ဖြင့် စိုက်ပျိုးထားသည့် မိုးစပါးသီးနှံစိုက်ခင်းများတွင် စပါးသီးနှံဖြုတ်ပိုးကျရောက်နေမှုများနှင့် ပတ်သက်၍ ကာကွယ်နှိမ်နင်းရမည့်နည်းလမ်းများအား တောင်သူပညာပေး ဆွေးနွေးဟောပြောခြင်းကို နိုဝင်ဘာ ၂၅ ရက် ၊ ညနေ ၃ နာရီက ညောင်ဦးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးရီနှင့် ဝန်ထမ်းများအဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တောင်သူများအား စပါးသီးနှံဖြုတ်ပိုးကျရောက်နေမှုနှင့် ပတ်သက်ပြီး ကာကွယ်နှိမ်နင်းရမည့်နည်းလမ်းများ အသိပညာပေး ဆွေးနွေးဟောပြောရာတွင် ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးရီ က မိုးစပါး စိုက်ခင်းများတွင် ကျရောက်နေသော စပါးဖြုတ်ပိုးများအကြောင်းနှင့် ကာကွယ်နှိမ်နင်းရမည့် နည်းလမ်းများအကြောင်းကို လည်းကောင်း ၊ ခရိုင်သီးနှံပိုးမွှားကာကွယ်ရေးတာဝန်ခံ ဒေါ်ခင်သန်းမြင့် က ဆောင်းသီးနှံစိုက်ပျိုးမည့် ပဲတီစိမ်းသီးနှံအတွက် ဖြုတ်ပိုးရောဂါကင်းဝေးစေရန် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ ၊ သီးနှံအရည်အသွေး ကောင်းမွန်ရေး မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရန်အချက်များကို လည်းကောင်း ကဏ္ဍအလိုက် အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က ဒေသခံတောင်သူများနှင့် အတူ မိုးစပါးစိုက်ခင်းများအတွင်း စပါးဖြုတ်ပိုး ကျရောက်နေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး လက်တွေ့ကာကွယ်နှိမ်နင်းစနစ်များကို စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ အသိပညာပေး ဆွေးနွေးပွဲကို လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် COVID – 19 ရောဂါကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းနှင့် ဆွေးနွေးပွဲသို့ ညောင်ဦး မြို့နယ် အထက်ညဉ့်ကျေးရွာတွင် တောင်သူ ၃၀ ဦး ၊ ကန်တောကျေးရွာတွင် တောင်သူ ၃၀ ဦးတို့ အသီးသီး တက်ရောက်ခဲ့ ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပုဂံမြေ )


