နေပြည်တော် ၂၁  ဩဂုတ်

မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စတုတ္ထအကြိမ် မဏ္ဍိုင်(၄) ရပ် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ ဩဂုတ်လ (၂၁)ရက်နေ့တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၇) တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ဦးဆောင်ကာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ လွှတ်တော်မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ တာဝန်ရှိသူများနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

 

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က ကျင်းပခဲ့သည့် တတိယအကြိမ် မဏ္ဍိုင်(၄) ရပ် ဆွေးနွေးပွဲတွင် ဆွေးနွေးညှိနှိုင်း သဘောတူညီချက် (၁၃)ချက် ရရှိခဲ့ပြီး ယခု ဆွေးဆွေးပွဲတွင် ယခင်ရလဒ်များကို အခြေခံကာ ဆက်လက် ဆွေးနွေးသွားမည်ဟု သိရှိရသည်။

 

မီဒီယာကဏ္ဍ ဖွံဖြိုးတိုးတက်ရေးနှင့်ပတ်သက်ပြီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် မီဒီယာကောင်စီတို့ တွေ့ဆုံညှိနှိုင်းဆွေးနွေးကြသည့် မဏ္ဍိုင်(၄) ရပ်ဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်က စတင်ကျင်းပကာ မီဒီယာကဏ္ဍပိုမိုတိုးတက်ရေး၊ သတင်းအချက်အလက် မှန်ကန်စေရေးနှင့် သတင်းမီဒီယာကျင့်ဝတ်ဆိုင်ရာများနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

#MRTV