ဒေးဒရဲ ဖေဖော်ဝါရီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျောင်သား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် မိမိနိုင်ငံ၏ အထိမ်းအမှတ် နေ့ထူးနေ့မြတ်များကို သိရှိနိုင်စေရန် ရည်ရွယ်၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်သည်။
ဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ဟောပြောပွဲနှင့် ပြိုင်ပွဲများ ပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်များကို ပြောကြားပြီး အခြေခံပညာအလယ်တန်းပြ ဆရာမ ဒေါ်တင်တင်မိုးက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာသည့် သမိုင်းကြောင်းနှင့် အနာဂတ်လူငယ်များ ထိန်းသိမ်းစောင့်ရှောက်သွားရမည့် အမျိုးသားရေး အမွေအနှစ်ဖြစ်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် ကဗျာရွတ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်သည်။
ပြိုင်ပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်စာစောင်များနှင့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ အသိပညာပေး စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အေဇာလင်း


