ဒေးဒရဲ ၂၇ ဇွန် 


ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ရာသီတုပ်ကွေးရောဂါ (H1N1) ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ် (၁၂)နာရီက ကျင်းပခဲ့သည်။


အဆိုပါ ဟောပြောပွဲတွင် ဒေါက်တာ ရဲရင့်အောင်(ဦးစီးအရာရှိ) သွားကျန်းမာရေးက ရာသီတုပ်ကွေးရောဂါ (H1N1) သည် ဗိုင်းရပ်စ်ပိုးအမျိုးအစားဖြစ်၍ လေထဲမှတစ်ဆင့် ကူးစက်နိုင်ကြောင်း၊ ရောဂါပိုးရှိသည့် နေရာများကို  လက်နှင့်ကိုင်မိ၍လည်း ကူးစက်နိုင်ကြောင်းနှင့် ရာသီတုပ်ကွေးရောဂါ(H1N1) ရောဂါလက္ခဏာများအားလည်းကောင်း၊ ဒေါ်မိုးမိုးလှိုင် (မြို့နယ်သူနာပြုအဆင့်-၁)က ရာသီတုပ်ကွေး ရောဂါကြိုတင် ကာကွယ်ခြင်း နည်းလမ်းများကို လည်းကောင်း၊ ဒေါ်ဇင်မျိုးသူ သားဖွားဆရာမက ရောဂါဖြစ်ပွားရခြင်း အကြောင်းရင်းများကို လည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြသည်။


အခမ်းအနားသို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းက ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၇၇၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မြင့်မြင့်ခိုင်(ပြန်/ဆက်)