ဒေးဒရဲ မေ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် တော်လှကျေးရွာအုပ်စု၊ တော်လှကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဘုရားတန်ဆောင်းတွင် မိုးစပါးအထွက်တိုးရေးနှင့် ဆီထွက်သီးနှံ ဆောင်းနေကြာ တိုးချဲ့စိုက်ပျိုးရေး အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦစီးအရာရှိ ဦးဇော်မင်းထွန်းက မိုးစပါး အထွက်တိုးရေး လိုက်နာဆောင်ရွက်ရမည့် စိုက်ပျိုးနည်းစနစ်များ၊ ဆီထွက်သီးနှံ နေကြာစိုက်ပျိုးနည်းစနစ်များ၊ စိုက်ပျိုးချိန် အပင်ပြုစုစိုက်ပျိုးနည်းစနစ်များနှင့် မြေနေရာရွေးချယ်ဆောင်ရွက်ရသည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒေသခံတောင်သူများ၏ သိရှိလိုသည်များကို ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ တော်လှကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွှေဒေးသူ