ဒေါပုံ ၂ ဒီဇင်ဘာ
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် အိတ်ချ်ပီဗီပိုးကြောင့် ဖြစ်တတ်သော သားအိမ်ခေါင်းကင်ဆာနှင့် မျိုးပွားလမ်းကြောင်းတွင် ဖြစ်ပွားတတ်သော ကင်ဆာရောဂါများကို ကာကွယ်နိုင်ရန်အတွက် (HPV) ကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအချိန်ထိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးကို အသက်(၉) နှစ်မှ အသက်(၁၀)နှစ်ထိ မိန်းကလေးတိုင်းကို တစ်ကြိမ်နှင့် တစ်ကြိမ်တွင် (၁၂) လခြားပြီး (၂)ကြိမ် ထိုးနှံပေးမည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် နွယ်အေးရပ်ကွက်ရှိ ဒေသန္တရ ကျန်းမာရေးဌာနခွဲများတွင် ရပ်ကွက်အလိုက် နေ့ရက်များသတ်မှတ်၍ ဒီဇင်ဘာ (၂)ရက်နေ့မှ စတင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအညီ ထိုးနှံပေးကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်မှုတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာ ခင်စန်းလွင် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ဆောင်ရွက်ကြောင်း သိရသည်။
ထို့သို့ကာကွယ်ဆေး လာရောက်ထိုးနှံသော မိန်းကလေးငယ်များအား မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနက အရုပ်လက်ဆောင်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
သဲစုစုလွင်(ပြန်/ဆက်)


