ပဲခူး ၁၃ မေ
ပဲခူးမြို့၊ ညောင်အင်းကျေးရွာ ပဲခူး-တိုက်ကြီး လမ်းဘေးရှိ Famous Hotel ခန်းမတွင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ ဦးဆောင်၍ ဒေသဆိုင်ရာ ဧည့်လမ်းညွှန် အခြေခံသင်တန်း (၁/၂၀၁၉) ဖွင့်ပွဲ အခမ်းအနားကို မေ ၁၃ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက ဧည့်လမ်းညွှန်သည် ခရီးသည်များအား ခရီးစဉ်ဒေသများကို လမ်းညွှန်ပြသခြင်း၊ ပြောဆိုရှင်းလင်းခြင်းနှင့် ခရီးစဉ်တစ်လျှောက် အဆင်ပြေချောမွေ့စေရေးအတွက် စီးပွားရေးအလို့ငှာ အခကြေးငွေယူ၍ စီစဉ်ဆောင်ရွက်ပေးသူဖြစ်တယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုထားသည့်အတွက် ယခုသင်တန်းတွင် သင်ကြားပေးလိုက်သည့် သင်ခန်းစာများကို သင်ကြားနာယူကာ လက်တွေ့အသုံးချခြင်းဖြင့် အောင်မြင်သည့် ဧည့်လမ်းညွှန်ကောင်းများဖြစ်အောင် ကြိုးစားအားထုတ်ကြရန်၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှု ဓလေ့ထုံးစံများကို နိုင်ငံခြားသား ခရီးသွားဧည့်သည်များအား ရှင်းလင်းပြသသူများဖြစ်သည်နှင့်အညီ မိမိတို့နိုင်ငံ၏ ဂုဏ်သိက္ခာများကို ဖော်ပြနိုင်ပြီး မိမိကိုယ်တိုင် ယဉ်ကျေးသိမ်မွေ့သည့် စည်းကမ်းရှိသည့် ၊ ဧည့်လမ်းညွှန်ကောင်းဖြစ်အောင် ကြိုစားနေထိုင်သွားကြရန် အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ လေ့ကျင့်ရေးနှင့် ပညာပေးရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်သူက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး တာဝန်ခံ ဦးဟောက်ကျင်မုန်က သင်တန်းစည်းကမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားဧည့်သည် (၃ ဒသမ ၅) သန်းဝင်ရောက်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီး အတွင်း၌လည်း ဧည့်သည်ဝင်ရောက်မှုမှာ ၂၀၁၇ ခုနှစ်တွင် (၈၁၆၅၉) ဦး၊ ၂၀၁၈ ခုနှစ်တွင် (၇၁၄၇၀) ဦး၊ ယခု ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ (၃၁၃၈၈) ဦး ရှိသည်။ ပဲခူးတိုင်းဒေသကြီးတွင် ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်(၆၄)ဦးနှင့် ဒေသဆိုင်ရာဧည့်လမ်းညွှန်လိုင်စင်(၈၅)ဦး ရှိကြောင်း သိရသည်။
ဒေသဆိုင်ရာ ဧည့်လမ်းညွှန်အခြေခံ သင်တန်း(၁/၂၀၁၉)အား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုဖြင့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ ကြီးကြပ်ပြီး တိုင်းဒေသကြီးအတွင်း ခရီးစဉ်ဒေသများ အသီးသီးသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ သွားလာလည်ပတ်ရာတွင် လိုက်ပါရှင်းလင်းပြသပေးမည့် ဒေသခံဧည့်လမ်းညွှန်များ လိုအပ်နေသည့်အတွက် ပဲခူးမြို့တွင် ပထမဦးဆုံးအကြိမ်အဖြစ် မေလ(၁၃)ရက်နေ့မှ ဇွန်လ(၈)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းသား/သင်တန်းသူ (၈၇) ဦး တက်ရောက်ကြကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)