ပဲခူး ၈ အောက်တိုဘာ
ပဲခူးတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၄/၂၀၂၀) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ အောက်တိုဘာ ၇ ရက် မွန်းလွဲ ၁ နာရီက Zoom Meeting ဖြင့် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက Covid-19 ကာလအတွင်း ခရီးသွားလုပ်ငန်းများအား အမှီပြုနေရသည့် တည်းခိုခန်း၊ မိုတယ်နှင့် ဟိုတယ်လုပ်ငန်းလိုင်စင် သက်တမ်းတိုးမှုအား နိုင်ငံတော်မှ အခွန်ဖြေလျော့မှုများ ပြုလုပ်ပေးထားကြောင်း၊ Covid-19 ကာလအလွန်တွင် ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးလာမည် ဖြစ်၍ လိုအပ်သည့် အခန်းများ ပြင်ဆင်ခြင်း၊ ဒေသတွင်း ထပ်မံလည်ပတ်နိုင်သည့် ခရီးသွားလမ်း ကြောင်းများ နေရာသစ်များ တိုးချဲ့ခြင်း၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ၊ ဒေသထွက် လက်မှု ပစ္စည်း (အမှတ်တရလက်ဆောင်)စသည့် လက်မှုသင်တန်းများ၊ ခရီးသွားလမ်းညွှန်လိုင်စင်များ စသည် တို့ကို ယခုအချိန်ကတည်းက ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက နှုတ်ခွန်းဆက်စကားပြောကြားပြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ အတွင်းရေးမှူး ပဲခူးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ပဲခူးတိုင်းဒေသကြီးအတွင်း ဟိုတယ်လုပ်ငန်းများ သက်တမ်းတိုးခြင်း၊ လုပ်ငန်းလိုင်စင် နာမည်ပြောင်းခြင်းနှင့် တိုင်းဒေသကြီးအတွင်း ဟိုတယ်ဇုန်နယ်မြေအလိုက် အထိမ်းအမှတ်တံဆိပ် တို့အား တင်ပြခဲ့ရာ၊ တက်ရောက်လာသည့် ကော်မတီဝင်များမှ အကြံပြုဆွေးနွေးခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ လိုအပ်သည်များ ထပ်မံလမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


