mdn

ဝါးခယ်မ ၁၅  ဩဂုတ်

 

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်ရှိ ဝါးခယ်မတံတားကို  (၂၀၁၈) ခုနှစ် နိုဝင်ဘာလက အဆင့်မြှင့်တင် တည်ဆောက်ခဲ့ရာ အများပြည်သူသွားလာရေး အဆင်ပြေလွယ်ကူစေရန်အတွက် ဩဂုတ်လ  ၁၅ ရက် နံနက် ၆ နာရီကစတင်ကာ အသုံးပြုခွင့်ပေးခဲ့ကြောင်း သိရသည်။

 

ပန်းတနော် - ရွှေလောင်း -ဝါးခယ်မ - ကျုံမငေးလမ်း မိုင်တိုင် အမှတ် ၃၅ မိုင် ၅ဖာလုံရှိ ဝါးခယ်မ တံတားကို အဆင့်မြှင့်တင်တည်ဆောက်ရာတွင် ၉၈ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ တံတား အမျိုးအစားမှာ သံကူကွန်ကရစ်တံတား အမျိုးအစား ဖြစ်ကာ အရှည် ပေ ၃၀၂၀ ၊ အကျယ် ၃၀.၅ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ လူသွား လမ်းအကျယ် တစ်ဖက် ၃ပေစီ၊ ရေကင်းလွတ်အမြင့် ၃၆ ပေ၊ တံတား၏ခံနိုင်ဝန်မှာ HS25 Load Class ဖြစ်ကြောင်း သိရသည်။

 

" ဒီနေ့မနက် ၆ နာရီကစပြီး သက်ဆိုင်ရာ ခွင့်ပြုချက်တွေနဲ့အညီ အသုံးပြုခွင့် ပေးလိုက်တာဖြစ်ပါတယ်။ အဝေးပြေး ယာဉ်လိုင်းတွေ၊ ကုန်တင်ကားတွေ ခရီးသွားပြည်သူတွေ အတွက် သွားလာမှု အခက်အခဲ ကနေ လွတ်ပြီလို့ပဲ ဝမ်းသာစကား ပြောလိုပါတယ်။ တစ်ဖက်ကမ်းမှာ ရှိတဲ့ကျောင်းသား၊ ကျောင်းသူတွေ သာမက ခရီးသွား ပြည်သူတွေအတွက်လဲ အရင်လို အချိန်တိုအတွင်း ဖြတ်သန်း သွားလာနိုင်သလို မြို့နယ်အတွက် ကုန်စည်စီးဆင်းမှုလဲ ပုံမှန်လည်ပတ် စီးဆင်းနိုင်ပြီ ဖြစ်ပါတယ် " ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်က ပြောသည်။

 

လွှမ်းသီဟ (ပြန်/ဆက်)