ရန်ကုန် ဒီဇင်ဘာ ၁၃
ဒဂုံတက္ကသိုလ် နှစ်(၃၀)ပြည့် ပုလဲရတုအထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ အဆိုပါ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန်မြို့ရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒဂုံတက္ကသိုလ်အငြိမ်းစား ပါမောက္ခချုပ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားကို ဒဂုံတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများက "မြကျွန်း ညိုညိုတက္ကသိုလ်" တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ဒဂုံတက္ကသိုလ် ပုလဲရတု အထိမ်းအမှတ် ဧကပိုဒ်ရတုကို ဂုဏ်ပြုရွတ်ဆိုသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း က အဖွင့်အမှာ စကားပြောကြားပြီး ဒဂုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသာထွန်းမောင် က ဒဂုံတက္ကသိုလ် ပုလဲရတုအထိမ်းအမှတ် ကျေးဇူးတင်စကားပြောကြား၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်အား ဒဂုံတက္ကသိုလ်မှ ပုလဲရတုအထိမ်းအမှတ် ဂါရဝပြုလက်ဆောင်ကို ပေးအပ်သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဒဂုံတက္ကသိုလ်ပုလဲရတုအထိမ်းအမှတ်အတွက် ငွေကျပ်သိန်း(၃၀)ကိုလှူဒါန်းပြီး ဒဂုံ တက္ကသိုလ်ကျောင်းသားဟောင်းများက ငွေကျပ်(၃၈)သိန်းကို လှူဒါန်းရာ ဒဂုံ တက္ကသိုလ်ပါမောက္ခချုပ်က လက်ခံရယူသည်။
ဆက်လက်၍ ဒဂုံတက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ် ဆရာကြီးများက နှစ်(၃၀) ပြည့်ပုလဲရတုအထိမ်းအမှတ် ဂုဏ်ပြုစကားများပြောကြားကြပြီး ဒဂုံတက္ကသိုလ်မှ ကျောင်းသား၊ကျောင်းသူများနှင့် ဒဂုံတက္ကသိုလ်အနုပညာအသင်းတို့က တက္ကသိုလ် သီချင်း၊ အငြိမ့်တို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့မှ ကြီးမှူးကျင်းပသည့် သုတေသနစာတမ်းဖတ်ပွဲ၊ ဒဂုံတက္ကသိုလ်ပုလဲရတုအထိမ်းအမှတ် သုတေ သနစာတမ်းဖတ်ပွဲနှင့် ဒဂုံတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စာပေ၊ အနုပညာ၊ အားကစားကဏ္ဍနှင့် ဝန်ထမ်းစွမ်းဆောင်မှုဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်