နေပြည်တော် ဒီဇင်ဘာ ၁၄
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဓာတ်အားဖြန့်ဖြူးရေးဌာနများ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်း အားဝန်ကြီးဌာန ရုံးအမှတ်(၂၇) ရှိ ရဲရွာခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်း တို့မှဥက္ကဋ္ဌများ၊ ညွှန်ကြား ရေးမှူးချူပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အရာထမ်းများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အားတိုးတက်ရရှိရေးအတွက် ရေတို၊ ရေရှည်စီမံကိန်းများ ချမှတ်စီမံဆောင်ရွက်လျက်ရှိသကဲ့သို့ လက်ရှိဖြန့်ဖြူးနေသော လျှပ်စစ်ဓာတ်အား များကိုလည်း လျော့နည်းပျောက်ဆုံးမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ထို့ပြင် နိုင်ငံတော်၏ဘဏ္ဍာငွေကို အလေအလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် မီတာဘေလ်ငွေကောက်ခံမှုနှင့် ရရှိရန်ရှိသည့် ဓာတ်အားခကြွေးကျန်များကို စနစ်တကျကောက်ခံသွားရန် လိုအပ်ကြောင်း၊ ဘဏ္ဍာငွေ သုံးစွဲမှုများနှင့် စပ်လျဉ်း၍ ၂၀၂၃-၂၀၂၄ ဘတ်ဂျက်ခွဲဝေရရှိမှုအပေါ် ကျန်ရှိသော ဘတ်ဂျက်ကာလ (၃) လအတွင်း သုံးစွဲမှုများအား လျာထားချက်ပြည့်မီအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ဝန်ကြီးဌာန ရင်းနှီးမြှုပ်နှံမှုအသုံးစရိတ်များကို ဘတ်ဂျက်လျာထားချက်အတိုင်း အလေအလွင့်မရှိ စိစစ်သုံး စွဲနိုင်ရေး တွန်းအားပေးကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌနှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းခေတ္တဥက္ကဋ္ဌတို့က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မိမိတို့တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက သုံးသပ်ဆွေးနွေးကာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)