သထုံ ၁၃ ဇူလိုင်
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကြာပန်းကျေးရွာ၊ ဘုန်တော်ကြီးကျောင်းရှိ ဓမ္မစကူးလ်သင်တန်းကျောင်း၌ ဇူလိုင် ၁၃ ရက်၊ နံနက်ပိုင်းက သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကာ (၇၂) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသားကျောင်းသူများကို အသိပညာပေး ဟောပြော ခြင်း၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံများ ခင်းကျင်းပြသခြင်းတို့ကို ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲတွင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်ခင်လေးနွယ်က ကျောင်းသားကျောင်းသူများအနေဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများကို လေးစား အတုယူလိုစိတ်များ ဖြစ်ပေါ်လာပြီး ခေါင်းဆောင်ကြီးများ စွန့်လွှတ်ရယူခဲ့သည့် လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်လိုသည့် စိတ်ဓာတ်များ ကိန်းအောင်းလာစေရန် ရည်ရွယ်ပါကြောင်း ရှင်းလင်းဟောပြောပြီး မြို့နယ်စာရေးဆရာများအသင်း ဥက္ကဋ္ဌ စာရေးဆရာမ ရွှေထုံခင်သီတာလှိုင်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံကို အကျယ်တဝင့် ရှင်းလင်းဟောပြော ခဲ့ကြသည်။
အခမ်းအနားတွင် သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အာဇာနည်နေ့နှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်နှင့် ဓာတ်ပုံများကို ခင်းကျင်းပြသပေးရာ တက်ရောက်လာသည့် ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှု လေ့လာခဲ့ကြကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


